စစ်ကော်မရှင်ရဲ့ လေကြောင်းသုံး လက်နက်သစ်

စစ်တပ်ရဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေဟာ မြေပြန့်ဒေသကပြည်သူလူထုအတွက် ခြိမ်းခြောက်မှု အသစ် ဖြစ်လာနေ။

ပါရာမော်တာ လို့ခေါ်တဲ့ အပျော်တန်းစီးစက်တပ်လေထီး နဲ့ ဂျိုင်ရိုကော်ပတာ လို့ခေါ်တဲ့ လေယာဥ်ငယ် (gyrocopters) တွေကိုသုံးပြီး စစ်ကော်မရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပိုပြီး လုပ်လာတဲ့အကြောင်း Fortify Rights လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အစီအရင် ခံစာထုတ်ပြန်ပါတယ်။

ဒီနည်းလမ်းက လေယာဉ်ဆီသုံးတာကိုလျှော့ချနိုင်တဲ့အပြင် ကုန်ကျစားရိတ်ပါသက်သာတာကြောင့် တောအုပ်နဲ့ တောင်တန်းတွေမရှိတဲ့မြေပြန့်ဒေသတွေမှာ လေကြောင်းလက်နက်အဖြစ်နဲ့ တွင်တွင်ကျယ်ကျယ် သုံးလာတာလို့ Fortify Rights က ပြောပါတယ်။

ဒီနည်းနဲ့တိုက်လို့ လူအသေအပျောက်အများဆုံးက စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ၂၀၂၅ ခုနှစ် အောက်တို ဘာလ ၆ ရက် သီတင်းကျွတ်လပြည့်နေ့မှာဖြစ်ခဲ့တာပါ။ ဘုံတိုရွာ စာသင်ကျောင်းထဲမှာ ဒေသခံတွေက ရွေးကောက်ပွဲဆန့်ကျင်ရေး ဆီးမီးသပိတ်ပြုလုပ်နေတဲ့အချိန်မှာ စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ ပျံဝဲပြီး ဗုံးကြဲတိုက်ခိုက်လို့ လူ ၂၄ ဦးသေဆုံးပြီး ၆၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါကြောင့်ဒေသခံတွေဟာ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာအသံကြားတာနဲ့ ပုန်းနေကြရတယ်လို့ ချောင်းဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လောလောဆယ် ရွေးကောက်ပွဲဝန်းကျင်မှာတော့ ခပ်စိပ်စိပ်သုံးလာတာများတယ်။ ဂျိုင်ရိုကော်ပတာရော ပါရာမိုမော်တာရောက တအားကြီး သုံးလာတယ်။ ပြည်သူတွေကတော့ ဂျိုင်ရိုကော်ပရာလာတယ်ဆိုရင်တော့ရောက်တဲ့နေရာ မြောင်းရှိ မြောင်းထဲ ဝမ်းလျားမှောက်နေကြရတာပဲ။ တချို့ကလည်း ကန်သင်းပြေးကပ်ကြရတာပဲ”

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေ သုံးပြီး အရပ်သားတွေကို တိုက်ခိုက်တဲ့ ဖြစ်ရပ်ပေါင်း ၃၀၄ ခုအထိရှိခဲ့တယ်လို့ Fortify Rights က ဖော်ပြပါ တယ်။ ရွေးကောက်ပွဲပထမပိုင်း ကျင်းပမဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မတိုင်ခင် သီတင်းပတ်တွေမှာ တိုက်ခိုက် မှုအများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ မကွေးတိုင်းမှာဆိုရင်လည်း ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပရာတွေ ကိုသုံးပြီး ပြည်လူလူထုကိုပစ်မှတ်ထားတိုက်တာမျိုး တွေ့ရတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက် ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကာကွယ်ရေးအဖွဲ့တွေကို မလုပ်တော့ဘဲနဲ့ ပြည်သူလူထုအပေါ်ပဲ အဓိကပစ်မှတ်ထားပြီး လုပ်လာတာမျိုး တွေ့တယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ ကာကွယ်ရေးအဖွဲ့တွေကို မထောက်ခံချင်လာအောင်၊ ထောက်ပံ့မှု မပေးနိုင်အောင်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ပြည်သူလူထု ပစ်မှတ်တွေမှာပဲ အဓိက လာရောက်ပြီးမှ တိုက်ခိုက်တာမျိုး ဖြစ်နေတယ်”

အခုပြောခဲ့သလို အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာပေါ်လွင်နေတယ်လို့ Fortify Rights အဖွဲ့ က မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ မချစ်ဆိုင်းက RFA ကို ပြောပါတယ်။

“အခုချိန်မှာလည်း လေကြောင်းကနေမှ ဂျက်လေယာဉ်တွေ၊ ထောက်ပို့လေယာဉ်တွေ တခြားဒရုန်းတွေ ပေါ့နော် Suicide Drone ဆိုတဲ့ဟာမျိုးတွေနဲ့လည်း သူတို့က ပြည်သူတွေအပေါ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။ စက်တပ်လေထီးနဲ့ ဂျိုင်ရိုကော်ပရာ သုံးတယ်ဆိုတဲ့ဟာက သူတို့က ထပ်ပြီး ဖြည့်စွက်သုံးတဲ့အရာဆိုပြီးတော့ ကျွန်မတို့ အဖွဲ့အနေနဲ့ တွေ့မြင်ရပါတယ်”

စစ်ကော်မရှင်ကတော့ ဒီလိုလေကြောင်းသုံး တိုက်ခိုက်တာတွေနဲ့ပတ်သက်လို့ ထောက်ပြတာတွေကို သတင်းထုတ်ပြန်တာမရှိသလို၊ သတင်းဌာနတွေကိုလည်း လက်ခံဖြေဆိုလေ့မရှိပါဘူး။

နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကော်မရှင်ထံ လက်နက်နဲ့ လေယာဉ်ဆီအပြင် ပါရာမော်တာနဲ့ ဂျိုင်ရို ကော်ပတာ အစိတ်အပိုင်းတွေအပါအဝင် စက်ဘက်-အရပ်ဘက် နှစ်မျိုးသုံးနည်းပညာ (Dual-use technologies) စီးဆင်းမှုကိုပါ ပိတ်ဆို့တားဆီးနိုင်ဖို့ လိုအပ်တယ်လို့ Fortify Rights က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့သူ ၂၃၂၆ ဦးနဲ့ ဒဏ်ရာရသူ ၄၁၄၆ ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက အခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။