ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြီရှောက်ချန်း(Ming Xuechang)ရဲ့ သားနဲ့မြေး အပါအဝင် မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဂိုဏ်းသား ၁၁ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က သေဒဏ်ပေးကွပ်မျက်လိုက်ပြီဟု တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေက ကြေညာပါတယ်။
ဒီ ၁၁ ယောက်အထဲမှာ ဦးမြီရှောက်ချန်းရဲ့ အသက် ၄၅ နှစ်အရွယ်သားဖြစ်သူ ကိုးကန့် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဟောင်း မြီကော်ဖျင်း (Ming Guoping)နဲ့ အသက် ၃၀ အရွယ် မြေးမဖြစ်သူ မြီကျိန်းကျိန်း (Ming Zhenzhen) လည်းပါတယ်လို့ သိရပါတယ်။
မြီ (Ming) မိသားစု ငွေလိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးသူ ၂၃ ယောက်ကို အွန်လိုင်းလိမ်လည်မှု၊ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု၊ ငွေညှစ်မှု၊ လောင်းကစား လုပ်ငန်းလုပ်ကိုင်မှု ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင် ရာဇ၀တ်မှု ၁၁ မှုနဲ့ တရားစွဲဆိုထား တာလို့ ဆိုပါတယ်။ အဲဒီရာဇဝတ်မှုတွေကြောင့် တရုတ်လူမျိုး ၁၄ ဦး သေဆုံးခဲ့ရသလို ခြောက်ယောက် ဒဏ်ရာရခဲ့ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာနေထိုင်သူတွေရဲ့ ငွေပေါင်း ဘီလီယံချီပြီး ဆုံးရှုံးခဲ့တယ်လို့ ၂၀၂၅ ဖေဖော်ဝါရီလက ထုတ်ပြန်တဲ့ တရုတ်အစိုးရ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်မြန်မာနယ်စပ် ကိုးကန့်နယ်ထဲမှာ အခြေစိုက်တဲ့ အဲဒီငွေလိမ်ဂိုဏ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်အမတ် တစ်ဦးဖြစ်ခဲ့သလို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့မှာ ဒုတိယအကြီးအကဲလည်းဖြစ်ပြီး မြန်မာနဲ့ တရုတ်နိုင်ငံသားအဖြစ်ခံယူထားသူ ဦးမြီရှောက်ချန်းက ဦးဆောင်ခဲ့ပါတယ်။
မြီ မိသားစုဟာ ၂၀၁၅ ခုနှစ်ကတည်းက သူတို့ရဲ့ သြဇာအာဏာနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုသုံးပြီး ရာဇ၀တ်မှု အမျိုးမျိုးလုပ်ကိုင်ဖို့ ငွေကြေးပံ့ပိုး ကျောထောက်နောက်ခံပေးခဲ့ပါတယ်။ သူတို့အတွက် အလုပ်လုပ်ပေးမယ့် ထောင်နဲ့ချီတဲ့သူတွေကို ထားဖို့ စက်မှုဇုန်နဲ့ ခြံဝင်းကြီးတွေကို ဝယ်ယူ ထူထောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ် မှာ တခြားခြံဝင်းတစ်ခုထဲကို ရွှေ့ပြောင်းချိန် ထွက်ပြေးဖို့ ကြိုးစားခဲ့သူတစ်ဦးကို မြီ မိသားစုက သတ်ပစ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က အမှုကြားနာချိန်မှာ အစိုးရရှေ့နေက တင်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့မှာနေထိုင်တဲ့ ကိုးကန့်လုပ်ငန်းရှင် မြီမိသားစုကို သွားရောက်ဖမ်းဆီးချိန်မှာ ဦးမြီရှောက်ချန်းဟာ ကိုယ့်ကိုယ်ကိုယ် ပစ္စတိုသေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
