စစ်တပ်က အပြည့်အ၀ ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလနဲ့ စစ်အုပ်ချုပ်ရေးအမိန့် သုံးလ ထပ်တိုးတယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ စစ်ကော်မရှင်က ကြေညာပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတအဖြစ် ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) က အရေးပေါ်အခြေအနေ ကြေညာထားတာကို သက်တမ် ထပ်တိုးခဲ့တာပါ။
အရေးပေါ်အခြေအနေ သက်တမ်းတိုးတာအပြင် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာကို စစ်တပ်က အပြည့်အ၀ထိန်းချုပ်မဲ့ စစ်အုပ်ချုပ်ရေးအမိန့် ၁ နဲ့ ၂ ကိုလည်း ဆက်လက် သက်တမ်းတိုးခဲ့ပါတယ်။
ဒါကြောင့် လာမဲ့မတ်လမှာ လွှတ်တော်ခေါ်ပြီး ဧပြီလမှာ အစိုးရဖွဲ့မယ်လို့ ပြောထားပေမဲ့ အဲဒီမြို့နယ် တွေကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားမဲ့ အခြေအနေလို့လေ့လာသူတွေက သုံးသပ် ပါတယ်။
အဲဒီ ၆၃ မြို့နယ်ဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး စတဲ့ တိုင်းနဲ့ပြည်နယ် ကိုးခုက ဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အပြည့်အ၀ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါအဝင်သလို တော်လှန်ရေးအင်အားစုတွေက နယ်မြေအများစု ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေလည်းပါ ဝင်ပါတယ်။
စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲက တချို့မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး မြို့နယ်လုံးကျွတ်မဟုတ်ဘဲ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာ နေရာကွက်ပြီး ကျင်းပခဲ့တာပါ။
အခုလို အရေးပေါ်ကာလနဲ့ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်ထိုးတာကြောင့် ရွေးကောက်ပွဲအလွန်ကာလမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
