စစ်ကော်မရှင်အကြီးအကဲများ၊ စစ်အရာရှိဟောင်းအများ ရွေးကောက်ပွဲအပိုင်း(၃)မှာနိုင်

ကြိုတင်စီစဥ်ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကြိုတင်မဲနဲ့ ‌မဲဆန္ဒရှင်အများအပြား မဲထွက်မပေးသည့်အတွက် အရပ်သား ဒီမိုကရေစီရေးပါတီတွေ ရှုံးနိမ့်ရဟု ပါတီတချို့ထောက်ပြ။

ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပခဲ့တဲ့ မြို့နယ်ပေါင်း ၆၁ မြို့နယ်ရဲ့ ပြည်သူလွှတ်တော် ၆၁ နေရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၅၆ နေရာ အနိုင်ရတယ်တို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

နေရာ ၅၀ ကို ရွေးကောက်ပွဲမှာ အနိုင်ရတာဖြစ်ပြီး ၆ နေရာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်းကပဲ ဝင်ရောက်ယှဉ်ပြိုင်သူ ရှိတာကြောင့် အလိုအလျောက် အနိုင်ရခဲ့ပါ။

ကျန်တဲ့ ၅ နေရာမှာတော့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၃ နေရာ၊ အအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက က ၁ နေရာ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ က ၁ နေရာ အနိုင်ရပါတယ်။

ရွေးကောက်ပွဲအပိုင်း (၃) မှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ လွတ်လပ်ရေးခေတ် ဒု-ဝန်ကြီးချုပ် ဦးကျော်ငြိမ်းရဲ့ သမီး ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးတို့လို ပါတီဥက္ကဌတွေ ကိုယ်တိုင် ဝင်ပြိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဧရာ၀တီတိုင်း ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် တသီးပုဂ္ဂလကိုယ်စားလှယ်ဖြစ် ဝင်ပြိုင်ခဲ့တဲ့ သာသနာရေးဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဦးဆန်းဆင့်လည်း ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။

ကြိုတင်မဲတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အသာစီးရတာနဲ့ ဒီမိုကရက်တစ်ပါတီတွေကို ထောက်ခံတဲ့ ပြည်သူတွေ မဲထွက်မပေးကြတာကြောင့် ရှုံးနိမ့်ရတာလို့ နိုင်ငံရေးပါတီတစ်ချို့က ဝေဖန် ပြောဆိုကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်ပြီး ရွေးကောက်ပွဲအပိုင်း (၃) မှာအနိုင်ရလို့ စစ်ကော်မရှင်ရဲ့ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ဟောင်းတွေရဲ့ မျိုးဆက်တွေလည်း လွှတ်တော်ထဲ ရောက်လာဖို့ ရှိပါတယ်။

စစ်ကော်မရှင်ရဲ့ သမ္မတရုံးဝန်ကြီး ဦးထွန်းအုံက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ် ရန်ကုန်တိုင်း တာမွေမြို့နယ်ကနေ အနိုင်ရပါတယ်။

ဒီအပြင် စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကျော်ဟိုး၊ စစ်ကော်မရှင် ဗဟိုအကြံပေး ဦးရန်ကျော်၊ သမ္မတရုံးဝန်ကြီးဟောင်း (ဒုတိယဗိုလ်ချုပ်ကြီး) ဦးစိုးသိန်းရဲ့သား ဦးအေးချမ်းနဲ့ အာဏာရှင် ဦးနေဝင်းလက်ထက် ဗိုလ်ချုပ်တင်ဖေရဲ့ သား ဦးနန္ဒကျော်စွာ တို့လည်း အသီးသီး အနိုင်ရပါတယ်။

ဦးနန္ဒကျော်စွာဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းလုံးမှာတော့ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှာ ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် (၂၆၃) နေရာ အနက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂၃၁ နေရာ အနိုင်ရပါတယ်။

ကျန်တဲ့ ၃၂ နေရာထဲမှာ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၇ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ၅ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၅ နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) က ၄ နေရာ၊ နာဂအမျိုးသားပါတီက ၄ နေရာ အနိုင်ရပါတယ်။

ဒီအပြင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီနဲ့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့က ၁ နေရာစီနဲ့ တစ်သီးပုဂ္ဂလ တစ်ဦးတို့ ပြည်သူ့လွှတ်တော်ထဲ ရောက်လာဖို့ ရှိပါတယ်။

ဒါဟာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်စာရင်းချုပ်ဖြစ်ပြီး ရွေးကောက်ပွဲဝင်စရာမလိုတဲ့ စစ်တပ်ကိုယ်စားလှယ် ၁၁၀ ဦးလည်း လွှတ်တော်ထဲ ရောက်လာမှာဖြစ်လို့ ပြည်သူ့လွှတ်တော်တစ်ခုလုံးကို စစ်တပ်နဲ့ စစ်တပ်ရဲ့ မဟာမိတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ကပဲ လွှမ်းမိုးချုပ်ကိုင်ထားမဲ့ အနေအထားဖြစ်ပါတယ်။