ရွေးကောက်ပွဲအလွန်လွှတ်တော်ဟာ စစ်တပ်အကျိုးစီးပွားအတွက်သာဖြစ်မယ်လို့ လေ့လာသူတွေပြော

ရွေးကောက်ပွဲအလွန်မှာ ဟန်ပြလွှတ်တော်နဲ့ ဗမာတော်လှန်ရေးအဖွဲ့တွေကိုပိုပြီးဖိနှိပ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေပြောပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်နေရာ ၂၃၀ ကျော်အနိုင်ရခဲ့တာကြောင့် မကြာခင်ပေါ်လာမဲ့လွှတ်တော်ဟာ စစ်တပ်အကျိုးစီးပွားအတွက်သီးသန့်ဖြစ်နေမယ့် ဟန်ပြလွှတ်တော်အခင်းအကျင်းသာ ဖြစ်လာဖို့ရှိတယ်လို့ နိုင်ငံရေးသမားတွေနဲ့ ရွေးကောက်ပွဲလေ့လာသူတွေက RFA ကိုပြောပါတယ်။

စစ်တပ်အကျိုးစီးပွားကိုမထိခိုက်သမျှ လွှတ်တော်ကိုဟန်ပြလည်ပတ်နေလိမ့်မယ်လို့ အတုအယောင်ရွေးကောက်ပွဲခြေရာခံ လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုထင်ကျော်အေးကသုံးသပ်ပါတယ်။

“ကျွန်တော်တို့ ၂၀၁၁ လွှတ်တော်ရဲ့နောက်ပိုင်းလွှတ်တော်တွေမှာမြင်ခဲ့ရသလိုမျိုး မေးခွန်းမေးမြန်းတာတွေ အဆိုတင် သွင်းတာတွေကတော့ ရှိနေမှာပါပဲ၊ ဒါပေမဲ့ အဲဒါတွေက ဘယ်အချိန်အထိခွင့်ပြုနေမှာလဲဆိုတာကတော့ တပ်ရဲ့အကျိုးစီးပွား၊ စစ်အုပ်စုရဲ့အာဏာလွှမ်းမိုးမှုမသက်ရောက်သ၍တော့ခွင့်ပြုထားမှာဖြစ်တယ်၊အဲဒီနည်းနဲ့ဟန်ပြလွှတ်တော်ကြီးကိုလည်ပတ်နေဦးမှာဖြစ်ပါတယ်”

လာမယ့်မတ်လမှာလွှတ်ေတာ်ခေါ်ပြီး အစိုးရဖွဲ့မယ်လို့ စစ်ကော်မရှင် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောဆို ထားပါတယ်။ ‌ဒါပေမဲ့ရွေးကောက်ပွဲအတုကနေပေါ်လာမဲ့ လွှတ်တော်နဲ့အစိုးရကြောင့် မြန်မာပြည်တိုးတက်လာစရာမရှိဘူး လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ် နှင်းနှင်းမွှေး က RFA ကိုပြောပါတယ်။

“ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ဟိုအရင်တုန်းကတည်းကိုက စစ်တပ်ကမြန်မာနိုင်ငံရေးမှာပါဝင်ပြီးတော့ သူတို့လိုချင်တဲ့ပုံစံအတိုင်းကို စီမံချယ်လှယ်ခဲ့တာဖြစ်တယ်။ အခုက ပိုလို့တောင်ဆိုးဝါးလာတဲ့ အခြေအနေတွေဖြစ်လာပြီပေါ့နော်။ အဲဒီလိုဆိုတဲ့အခါကျတော့ကျွန်မတို့နိုင်ငံရေးမှာတော့ ဒီထက်ပိုပြီး တိုးတက်ပြောင်းလဲစရာတစ်စုံတရာမရှိဘူး။ ပိုပြီးဆိုးလာဖို့ပဲရှိတယ်”

လွှတ်တော်နဲ့ အစိုးရမှာ တစ်ပါတီထဲကကြီးစိုးထားရင် တိုင်းပြည်အတွက်အပြောင်းအလဲမျှော်လင့်လို့မရနိုင်ဘူးလို့ ပြည်သူ့ပါတီရဲ့ ဗဟိုအတွင်း ရေးမှူး ဦးကျော်ကျော်ထွေးက RFA ကိုပြောပါတယ်။

“ရွေးကောက်ပွဲနည်းလမ်းကသာလျှင် လွှတ်တော်ကြီးပေါ်ပေါက်လာပြီးတော့ အပြန်အလှန်ထိန်းကျောင်းနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်မယ်လို့ယုံကြည်လို့ ပါတီနိုင်ငံရေးကိုရွေးချယ်ဝင်ပြိုင်ခဲ့ကြတာ။ ဒါပေမဲ့ တစ်ပါတီတည်းကြီးစိုးပြီးတော့ လွှတ်တော်ထဲမှာပါလွှမ်းမိုးမယ်၊ အစိုးရထဲမှာပါလွှမ်းမိုးမယ်ဆိုရင် ရွေးကောက်ပွဲကိုယ်တိုင်က အဓိပ္ပါယ်မရှိတော့သလိုဖြစ်သွားမယ်။ ဘာမှလည်းတိုင်းပြည်အတွက် အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်လို့မရဘူးဖြစ်သွားလိမ့်မယ်”

စစ်တပ်ကဖမ်းဆီးထောင်ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဘူး တဲ့ ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှာ အခုတခေါက်ရွေးကောက်ပွဲအပိုင်း (၂) မှာတော့ ဦးကျော်ကျော်ထွေးဝင်ပြိုင်ပြီး ရှုံးခဲ့တာပါ။

အခုလိုသုံးသပ်နေကြတဲ့အတွက် ရွေးကောက်ပွဲအလွန်မှာ ပြည်တွင်းစစ်ဘယ်လိုဖြစ်လာနိုင်သလဲ။ ရွေးကောက်ပွဲ အလွန် မှာ ဗမာတော်လှန်ရေးအဖွဲ့တွေကို ပိုပြီးဖိနှိပ်လာနိုင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရန်ကုန်မြို့က နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

“အခုပေါ်လာမယ့်လွှတ်တော်အခင်းအကျင်းမှာ တချို့ပြည်နယ်လွှတ်တော်တွေမှာ တက်လာမယ့်ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ တိုင်းရင်းသားဆိုတဲ့ကိုယ်စားလှယ်တွေပါလာလိမ့်မယ်။ သူတို့တွေဟာ စစ်တပ်ရဲ့ပွဲစားလုပ်မယ့်သူတွေပဲ။ အဲဒီလိုင်းကို အစောကြီးကတည်းက စနစ်တကျ စစ်တပ်ကချထားပြီးသား၊ ဥပမာ ကရင်နီမှာကြည့်ကြည့်။ကရင်မှာကြည့်ကြည့်၊ ရှမ်းမှာကြည့်ကြည့် အဲဒီမှာဖြစ်နေတဲ့ပဋိပက္ခတွေနဲ့ပတ်သက်ရင် အဲဒီမှာရွေးကောက်ပွဲတက်လာတဲ့ပုံရိပ်နဲ့ နိုင်ငံရေးပွဲစားလုပ်ကြလိမ့်မယ်။ ပြီးရင်တိုင်းရင်းသားဒေသတွေမှာ အဲဒီလို ငြိမ်းချမ်းရေးတိုင်းရင်းသားအဖွဲ့တွေနဲ့လုပ်ပြီး ကျွန်တော်တို့ဗမာတော်လှန်ရေးကို စစ်တပ်က အကြီးအကျယ်ဖိနှိပ်ဖို့ရှိတယ်။ အဲဒီအတွက် ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းလာစရာအကြောင်းမရှိဘူး၊ တိုက်ပွဲတွေက ပိုပြင်းထန်လာဖို့ပဲရှိတယ်”

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဒီမိုကရေစီ‌ရေးလှုပ်ရှားသူတွေ၊ လက်နက်ကိုင်ခုခံနေတဲ့ အင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အတုအယောင်ရွေးကောက်ပွဲဆိုပြီး ကန့်ကွက်ထားကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကလည်း စစ်ကောင်စီဦးဆောင်ပြုလုပ်ခဲ့တဲ့ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ပြောဆိုထားပါတယ်။