ရွေးကောက်ပွဲအပြီး အစိုးရသစ်နဲ့ ဆက်ဆံရေးပြန်တည့်မတ်ဖို့ အာစီယံပြော

မြန်မာရွေးကောက်ပွဲကို ထောက်ခံအတည်ပြုပေးတာမဟုတ်ဘဲ တစုံတရာ အပြုသဘော ပြောင်းလဲလာနိုင်ခြေရှိတယ်လို့ ရှုမြင်သာတာဖြစ်တယ်လို့ ဥက္ကဋ္ဌ ဖိလစ်ပိုင် ပြော။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး စစ်တပ်ကပဲ သြဇာအာဏာချုပ်ကိုင်ထားမယ့် အစိုးရသစ်နဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး အာဆီယံအဖွဲ့ကြီးအနေနဲ့ ဆက်ဖိအားပေးရင်း တဖက်မှာလည်း ဆက်ဆံရေးကို ပြန်ထိန်းညှိသွားးသင့်တယ်လို့ ထိုင်းနိုင်ငံက ဇန်နဝါရီလ ၂၉ ရက်နေ့က အဆိုပြုလိုက်ပါတယ်။

အာဆီယံ ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆတ်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

“မိမိတို့အနေနဲ့ မတ်လမှာ အသစ်တက်လာမယ့် နေပြည်တော်အစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့ ထင်ကြောင်း၊ မြန်မာအစိုးရသစ်အနေနဲ့လည်း အာဆီယံတောင်းဆိုချက်တွေကို အပြုသဘောတုံ့ပြန် ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ မြန်မာနိင်ငံအနေနဲ့ အာဆီယံအဖွဲ့ထဲ တင်းပြည့်ကျပ်ပြည့် ပြန်လက်ခံဖို့ဆိုလိုတာမဟုတ်ဘဲ ဆက်ဆံရေးပြောင်းလဲသင့်တယ်လို့ ဆိုလိုတာဖြစ်ကြောင်း”လည်း သူက ပြောပါတယ်။

လက်ရှိအလှယ့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာရီယာ လာဇရိုကတော့ မြန်မာရွေးကောက်ပွဲကို ထောက်ခံအတည်ပြုပေးတာမဟုတ်ဘဲ ဒီရွေးကောက်ပွဲတွေက တစုံတရာ အပြုသဘော ပြောင်းလဲလာနိုင်ခြေရှိတယ်လို့ ရှုမြင်သာတာဖြစ်တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားဝန်ကြီးဟာ ပြီးခဲ့တဲ့အပတ်က အမည်ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ အဓိကမြန်မာ အတိုက်အခံအဖွဲ့တွေနဲ့ တွေ့ဆုံဆွေး‌နွေးခဲ့ပြီး မြန်မာနိင်ငံပါတယ်။ အာဆီက တောင်းဆိုထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောထားကိုလည်း အတိုင်းအတာတခုအထိ လိုက်ရောနိုင်စရာရှိတယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။