မကွေးထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ ပြင်းပြင်းထန်ထန်ဖိနှိပ်ခံနေရ

ထောင်အာဏာပိုင်တွေက အကျဥ်းသားတွေကို တဖက်မှာဖိနှိပ်သလို၊ တဖက်မှာအကြီးအကျယ်လာဘ်စားနေတယ်လို့ ပြန်လွတ်လာတဲ့သူတွေကပြောပါတယ်။

မကွေးဗဟိုအကျဉ်းထောင်မှာ အကျဉ်းဦးစီးဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ကြမ်းတွေခိုင်းပြီး မလုပ်တဲ့ သူတွေကို ရိုက်ပြီးနှိပ်စက်သလို၊ နာကြင်တာတွေကို ဆေးကုမပေးဘဲတိုက်ပိတ်ထားတယ်လို့ RFA ကစုံစမ်းသိရှိရပါတယ်။

အဲဒီလိုဖိနှိပ်တာကို မခံနိုင်တဲ့သူတွေဆီက လာဘ်စားတာတွေလည်း အကြီးအကျယ်ရှိနေတယ်လို့ အသက် ၂၀ ကျော် လူငယ်နိုင်ငံရေးအကျဥ်းသားဟောင်း ကိုဘုန်းမြင့်အောင်က ပြောပါတယ်။

“မကွေးဗဟိုအကျဉ်းထောင်က ထောင်ပိုင်ဖြစ်တဲ့ အောင်ခိုင်ဖြိုးကဦးဆောင်ပြီး မိန်းဂျေးဦးစီးဖြစ်တဲ့ ဝင်းထွန်းရယ်၊အဆောင်မှူးအောင်နိုင်ဦးနဲ့ တိုက်အဆောင်မှူးအောင်ရွှေတို့ကနေ ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ဖိနှိပ်ညှင်းပန်းဖို့ အမိန့်ပေးခိုင်းတဲ့သူတွေဖြစ်တယ်။ ကိုယ်တိုင်လည်း နှိပ်စက်တယ်။သူတို့တွေကပဲ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လာဘ်ထိုးငွေအနေနဲ့ ငွေတောင်းတယ်။ ပြောင်ပြောင်တင်းတင်း လာဘ်စားတယ်။ ပေးရင်ပေး မပေးတဲ့ နိုင်ကျဉ်းအားလုံးကို အလုပ်ကြမ်းခိုင်းတယ်။တောင်ယာတွေလုပ်ခိုင်းတယ်။ ထမင်းဟင်းပုံးတွေထမ်းခိုင်းတယ်။ မိလ္လာပုံးတွေပါထမ်းခိုင်းတာတွေရှိတယ်”

နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်စက်ဖို့ ထောင်အရာရှိတွေက သူတို့မွေးထားတဲ့ရာဇဝတ်သားတွေကို သုံးတယ်လို့ပြောပါ တယ်။

“ကျောက်တုံးကျောက်ခဲတွေကို နေပူထဲမှာ ကောက်ခိုင်းတယ်ဗျာ၊ ရေကျတော့ လုံလုံလောက်လောက်မချိုးရဘူး။ပုံစံခွက်နဲ့ချိုးရတယ်။ အဝတ်အစားလျှော်ရလို့ ၂၅ ခွက်ထက်ပိုသုံးမိသွားတဲ့ နိုင်ကျဉ်းကို လက်သပ်မွေးထားတဲ့သူတွေက ရိုက်တာနှက်ထိုးတာကြိပ်တာတွေရှိသေးတယ်၊ မကွေးထောင်ထဲ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရောက်လာတာနဲ့ ထောင်ပိုင် ထောင်မှူးတွေအတွက် ငွေတွင်းကြီးအဖြစ်နေတာပေါ့ဗျာ”

သူကိုယ်တိုင်လည်း ညှင်းပမ်းနှိပ်စက်ခံရတဲ့အကြောင်း ကိုဘုန်းမြင့်အောင်က ပြောပြပါတယ်။

“ကျွန်တော်တို့ကိုပဲ အဓိကကတော့ နိုင်ငံရေးအကျဉ်းသား သူတို့မကျေနပ်တဲ့သူတွေကို ထုတ်ရိုက်တယ်။ ရိုးရိုးထုတ်ရိုက်တာမဟုတ်ဘူး၊ ခေါင်းကိုနင်းပြီး ထုတ်ရိုက်တယ်။ ကျွန်တော်ဆိုရင် အဲဒီတုန်းက ညွှန်မှူးကြီး ဦးမျိုးမင်းစိုး၊ ညွှန်မှူးကြီး ကျွန်တော်တို့ကို ဘာလို့ ထုတ်ရိုက်တာတုန်း၊ မင်းတို့ကောင်တွေက ထောင်ကို အကျဉ်းသားအခွင့်အရေးတွေဘာတွေပြောလို့မို့ ငါတို့ကမင်းတို့ကို မကျေနပ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကိုမကျေနပ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ မင်းတို့က အဓိကဆိုပြီးတော့ ထုတ်ရိုက်တယ်။ ထုတ်ရိုက်တဲ့အချိန်မှာ မန္တလေးက ထောင်းပြောင်းတစ်ယောက်သေသွားတယ်ဗျ၊သူကတော့ မွတ်ဆလင်တစ်ယောက်”

ထောင်အရာရှိတွေဟာ သူတို့ရာထူးတွေအတွက် နိုင်ငံရေးအကျဉ်းသားတွေကိုညှင်းပန်းနှိပ်စက်တာမျိုးနဲ့ အထက်အရာရှိ တွေကိုပြတတ်ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

“ထောင်အာဏာပိုင်တွေဟာ အာဏာတည်မြဲရေးနဲ့ ရာထူးတိုးရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေကို အဓိကဖိနှိပ်ပြပြီးမှ ထောင်ကိုငြိမ်အောင်ထိန်းနိုင်တယ်ဆိုတဲ့ ဂုဏ်သတင်းကို သူတို့တည်ဆောက်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေက သူတို့ဂုဏ်သတင်းနဲ့ရာထူးတိုးရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေဟာ အဖိနှိပ်ခံဘက်မှာ အဓိက ရှိနေတယ်ပေါ့နော်”

မကွေးထောင်ဟာ တကယ့်ငရဲပြည်ပဲလို့ လုံခြုံရေးအရအမည်မဖော်နိုင်သေးတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ယောက်ကလည်းပြောပါတယ်။

“မကွေးဗဟိုအကျဉ်းထောင်က တစ်နှိင်ငံလုံးအနေနဲ့ စံပြဆု (၃) နှစ် ဆက်တိုက်ရထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှင်းဆဲတဲ့နေရာမှာရတာပါ။ ကျွန်တော်တို့ နိုင်ကျင်းတွေ ကျန်းမာရေးနဲ့ပတ်သက်လို့ တစ်ခုခုဖြစ်ကြည့် ဘာဆေးဝါးမှမရပါဘူး။ ရောဂါဆိုးလွန်းလို့ ထောင်တွင်းဆေးရုံရောက်သွားရရင်တောင် ဆေးဝါးမရှိဘူးဆိုပြီး ပစ်ထားခံခဲ့ရလတာပါ။ ထောင်ဆေးရုံမှာက ပိုက်ဆံကြိုပေးထားနိုင်တဲ့သူတွေလောက်ပဲ သီးသန့်ဆောင်မှာဆေးကုခွင့်ရတာပါ။

ဆေးကုသခွင့်လုံးဝမရလို့ သေဆုံးသွားရတဲ့ အကျဉ်းသားတွေလည်းထောင်ထဲမှာအများကြီးရှိနေပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလည်း မကွေးဗဟိုအကျဉ်းထောင်ထဲမှာရှိပါတယ်။ သူလည်း ကျန်းမာရေးစောက်ရှောက်ခွင့်လုံလုံလောက်လောက်မရဘူးလို့ကြားပါတယ်။မိသားစုနဲ့တောင် ဆက်သွယ်ခွင့်မရဘူးလို့သိရပါတယ်။ မကွေးဗဟိုအကျဉ်းထောင်က လုံးဝငရဲခန်းတစ်ခုပါ”

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို မေးမြန်းဖို့ RFA က တယ်လီဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်း ငါးနှစ်ကျော်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၃၀,၃၇၁ ဦး အဖမ်းခံရပြီး အဲဒီအထဲက ၁၁၅၁၁ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်အထိ စာရင်းမှာတွေ့ရပါတယ်။