ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်အနေနဲ့ နိုင်ငံရေး၊ လုံခြုံရေး နဲ့ နိုင်ငံတကာရေးရာတွေမှာ လုပ်ပိုင်ခွင့်အာဏာရယူမယ့် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းဖို့ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေကို စစ်ကော်မရှင်က ဖေဖော်ဝါရီ ၃ ရက်နေ့က ပြဋ္ဌာန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရပြီး အစိုးရမဖွဲ့ခင် လပိုင်းအလိုမှာ ဒီဥပဒေကို ယာယီမ္မတ တာဝန်ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုးပြီး ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။
အစိုးရအဖွဲ့မှာ တက်လာတဲ့ သမ္မတက ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌကို တာဝန်ပေး ခန့်အပ်ရ မှာဖြစ်ပြီး အဲဒီဥက္ကဋ္ဌက နိုင်ငံလုံခြုံရေး၊ ဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေး စတဲ့ အရေးကြီး ကိစ္စတွေကို အကြံပေးတာ၊ ညှိနှိုင်းတာတွေ လုပ်ရမယ်လို့ ဒီဥပဒေမှာ ဖော်ပြထားပါတယ်။
မတ်လမှာ လွှတ်တော်ခေါ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအစိုးရကို စစ်တပ်က အာဏာမလွှဲခင် ဒီဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်တာဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နောက်တက်လာမဲ့ အစိုးရမှာ တပ်ချုပ်ရာထူးကို စွန့်လွှတ်စရာမလိုဘဲ အစိုးရအဖွဲ့ကိုပါ ကြိုးကိုင်ချယ်လှယ်နိင်တဲ့ နိုင်ငံရေးရာထူး တစ်ခုကို ရယူဖို့ ခြေလှမ်းသစ်ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့အကြီးအကဲ ရာထူးရယူခဲ့တဲ့အပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်က လက်တုံ့ပြန် အတုယူတာလို့ ပြောဆိုတာလည်း ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လက ရုရှားနိုင်ငံခရီးစဥ်အတွင်း ရုရှား RIA သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ဥပဒေနဲ့ မညီဘဲ ဖန်တီးရယူခဲ့တာလို့ ဖြေကြားခဲ့ဖူးပါတယ်။ ဒါ့အပြင့် နိုင်ငံတော်အင်္ဂါစဉ်ကို ထုတ်ပြန်ပြီး သမ္မတရာထူးပြီးရင် ဒုတိယနေရာကို ရယူခဲ့တဲ့အပေါ် လည်း သူက ဝေဖန်ခဲ့ပါတယ်။
အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကတော့ လာမဲ့ အစိုးရသစ်ရဲ့ သမ္မတသက်တမ်းအတိုင်း တည်ရှိမှာဖြစ်တဲ့အပြင် သမ္မတက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို ခန့်အပ်ပြီး လုပ်ပိုင်ခွင့်တွေပေးတာ၊ လိုအပ်သလို နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြေညာစာတွေကို သမ္မတရုံးက ထုတ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက် လာမဲ့မတ်လမှာ လွှတ်တော်ခေါ်မှာဖြစ်ပြီး ဧပြီလအတွင်းမှာ အစိုးရသစ် ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
