အာဆီယံနှင့်မြန်မာအကြား ကြားဝင်ဖျန်ဖြေရန်အသင့်ရှိကြောင်း ထိုင်းပြော

မြန်မာမှာ စီးပွားရေးကောင်းမွန်ဖို့နဲ့ လူသားချင်းစာနာရေးအခြေအနေ တိုးတက်ဖို့ဟာ နယ်ချင်းထိနေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားလည်း ဖြစ်နေဟုထိုင်းပြော။

စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာဖို့ ထိုင်းနိုင်ငံ အနေနဲ့ ကြားဝင်စေ့စပ်ဖျန်ဖြေသူအဖြစ်လုပ်ဆောင်သွားဖို့ အသင့်ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ဇန်နဝါရီလ ၂ ရက်နေ့က ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီနဲ့ တွေ့ဆုံ ဆွေး‌နွေးပွဲအပြီး အခုလို ပြောလိုက်တာဖြစ်ပြီး ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ နောက်ဆုံး အခြေအနေ တွေကို သုံးသပ်ခဲ့သလို မြန်မာစစ်အာဏာပိုင်တွေနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံဖို့နဲ့ ထိုင်းမြန်မာနယ်စပ် တလျှောက်က လက်နက်ကိုင်တို င်းရင်းသားအဖွဲ့တွေနဲ့ပါ ဆက်ဆံရေးတည်ဆောက်သွားဖို့လည်း ပါဝင်တယ်လို့ ဇန်နဝါရီ ၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

ဒီဆွေး‌နွေးပွဲမှာ နှစ်နိုင်ငံကြား အွန်လိုင်းငွေလိမ်လုပ်ငန်း ပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်ဘက်နယ်ခြား ရာဇဝတ်မှု၊ မူးယစ်ရောင်းဝယ်မှုနဲ့ နှစ်နိုင်ငံကြား မြစ်ကြောင်းတလျောက် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု တိုက်ဖျက်ရေးတွေမှာ ပူး‌ပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေ၊ လက်နက်ကိုင်ပဋိပက္ခကြောင့် ရပ်တန့်သွားခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်ဖွံ့ဖြိုးရေးတွေလည်း နည်းလမ်းရှာဖွေ ဆွေး‌နွေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ မူရင်းရည်ရွယ်ချက်က တင်းမာမှုလျော့ချရေး၊ ပြန်လည်တည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာနိုင်ငံအရေးမှာ သံတမန်ရေးရပ်တည်ချက်မူဝါဒကို ရှင်းရှင်းလင်းလင်းဖော်ထုတ်နိုင်ဖို့လို့ ပြောပါတယ်။

မြန်မာစစ်အာဏာပိုင်တွေနဲ့ ဆွေး‌နွေးတာအောင်မြင်ရင် အာဆီယံအဆင့် ဆက်လက်ဆောင်ရွက်မယ်လို့ ဆီဟာဆတ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးကောင်းမွန်ဖို့နဲ့ လူသားချင်းစာနာရေးအခြေအနေ တိုးတက်ဖို့ဟာ နယ်ချင်းထိနေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားလည်း ဖြစ်နေကြောင်း၊ ဒီကနေမှ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဥ်တစ်ခုပေါ်လာဖို့ မျှော်လင့်ကြောင်းလည်း သူကပြောပါတယ်။

ဒီမူဝါဒအောင်မြင်ရင် မြန်မာ့အရေး မဟာဗျူဟာဝန်ထုပ်ဝန်ပိုးအဖြစ်ကနေ စီးပွားရေးအခွင့်အလန်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့လည်း သူကပြောပါတယ်။

ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာ စစ်အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ယိုယွင်းခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ၂၀၂၂ ကစလို့ အာဆီယံညီလာခံ တက်ခွင့် ပိတ်ခဲ့ပါတယ်။