စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ကော်မရှင်အဖွဲ့ကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ထုတစ်ရပ်လုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (crimes against humanity) တွေနဲ့ တီမောလက်စ်တေ (အရှေ့တီမော) နိုင်ငံ တရားရေးအာဏာပိုင်တွေက စစ်ဆေးအရေးယူဖို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က အမှုဖွင့် လိုက်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ချင်းပြည်နယ်မှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တီမောလတ်စ်တေနိုင်ငံ တရားရုံးကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ဇန်နဝါရီလက တင်ပြခဲ့အပြီး တီမောလက်စတေ တရားရေးအာဏာပိုင်တွေက တင်ပြချက်တွေကို စုံစမ်းစစ်ဆေး အရေးယူဖို့ ခြေလှမ်းပြင်လိုက်တာဖြစ်ပါတယ်။
တီမောလတ်စတေက မြန်မာကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲအရေးယူဖို့ လက်ခံပြင်ဆင်လိုက်တာဟာ ပြည်တွင်းရေးဝင်မစွက်မူဝါဒနဲ့ နိုင်ငံရေးနဲ့လူ့အခွင့်အရေးကိစ္စတွေမှာ အချင်းချင်း ဝင်မပါနိုင်အောင် အကာအကွယ် ယူလေ့ရှိတဲ့ အာဆီယံနိုင်ငံတွေအကြား ပထမဆုံး ဥပဒေကြောင်းအရ လုပ်ဆောင် ချက်ဖြစ်ပါတယ်။
“ဒီလိုအမှုကို စုံစမ်းစစ်ဆေးဖို့ အရှေ့တီမောနိုင်ငံရဲ့ ဆောင်ရွက်ချက်ဟာ မြန်မာပြည်သူတွေရဲ့ တရားမျှတမှု ရရှိရေး၊ လွတ်လပ်မှုရရှိရေးနဲ့ လူ့ဂုဏ်သိက္ခာပြန်ရရေး ခရီးရှည်ကြီးအတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင် တစ်ခုပါ”လို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားဥပဒေအရ အရေးယူနိုင်ရေး အစဥ်တစိုက် လုပ်ဆောင်နေတဲ့ ဗြိတိန်အခြေစိုက် မြန်မာနိုင်ငံတရားမျှတရေးအဖွဲ့ (MAP) က ညွှန်ကြားရေးမှူး ခရစ် ဂန်းနက် (Chris Gunness) က ပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောလက်စ်တေ အစိုးရရှေ့နေများထံ တင်သွင်းထားသော ရာဇဝတ်မှုတွေထဲဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှု၊ အရပ်သားတွေနဲ့ သတင်းထောက် တစ်ဦးကို သတ်ဖြတ်မှု၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာစစ်ကော်မရှင်နဲ့ အာဆီယံနိုင်ငံတွေဘက်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောလက်စ်တေ အစိုးရအရာရှိတွေက လက်ခံတွေ့ဆုံချိန်ကတော့ မြန်မာနိုင်ငံဆိုင်ရာ တီမောသံအမတ်ကြီးကို ကန့်ကွက်ကြောင်း ခေါယူပြောဆိုခဲ့သလို စစ်ကော်မရှင် သတင်းမီဒီယာတွေကလည်း အကြီးအကျယ် ဝေဖန်ကန့်ကွက်ရေးသားခဲ့ကြပါတယ်။
