စစ်တပ်အာဏာသိမ်းမှု ငါးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို စစ်ကော်မရှင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ် အရေးယူထားတယ်လို့ သိရပါတယ်။
ထောင်တွင်း ဆန္ဒပြသူ ၂၀၀ ခန့်ရှိခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား မဟုတ်သူတွေလည်းပါတယ်လို့ အကျဥ်းထောင် သတင်းရပ်ကွက်တွေကို ကိုးကားပြီး မြန်မာနောင်း (Myanmar Now) သတင်းက ရေးပါတယ်။ တိုက်ပိတ်ခံလိုက်ရသူ အကျဥ်းသားတွေရဲ့ နောက်ဆက်တွဲအခြေအနေကို အသေးစိတ်မသိရသေးဘူးလို့လည်း ဒေသခံ အဖွဲ့အစည်းတွေက ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းစဉ် လမ်းပေါ်ထွက် ဆန္ဒပြသူတွေ သီဆိုလေ့ရှိတဲ့ သွေးသစ္စာသီချင်းကို ထောင်ထဲမှာ သံပြိုင်ဆိုပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြခဲ့တာလို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC) တာဝန်ရှိသူတစ်ဦးက ပြောတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ကလေးအကျဥ်းထောင်မှာ ၂၀၂၂ မတ်လ ၁၅ ရက်က အကျဥ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေ အကြား ပဋိပက္ခဖြစ်ခဲ့တဲ့အတွက် လုံခြုံရေးအဖွဲ့က ပစ်ခတ်လို့ အချုပ်သားတစ်ဦး၊ အကျဥ်းသားတစ်ဦး သေဆုံးခဲ့ရပြီး ၁၂ ဦးဒဏ်ရာရခဲ့ဖူးပါတယ်။
