ပြည်ပရောက် အတိုက်အခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန်

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တစ်သက်တာ မြန်မာ့ဒီမိုကရေစီအရေး မနားမနေ ဆောင်ရွက်ခဲ့သူဖြစ်။

၁၉၉၀ ‌ရွေးကောက်ပွဲအပြီး အတိုက်အခံမြန်မာ့နိုင်ငံရေးမှာ အရေးကြီးသည့်အခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ရဲ့ ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့သည့် ဒေါက်တာစိန်ဝင်းဟာ ၂၀၂၆ ဖေဖော်ဝါရီ ၆ ရက် သောကြာနေ့ မနက်မှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်အနီးရှိ ဂျွန်စ်ဟော့ကင်းစ် တက္ကသိုလ် ဆာဗာဘန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

‌‌ဒေါက်တာစိန်ဝင်းဟာ မကွေးတိုင်း တောင်တွင်းကြီးမှာ ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ဖခင် အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်းနဲ့ မိခင် ဒေါ်ခင်စောတို့ မွေးဖွားခဲ့ပြီး မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းကွဲအစ်ကိုဖြစ်ပါတယ်။

၁၉၆၆ မှာ ရန်ကုန်တက္ကသိုလ်က သိပ္ပံ ဘွဲ့၊ ၁၉၇၄ မှာ ဂျာမနီနိုင်ငံ ဟမ်းဘာတ်တက္ကသိုလ်က သင်္ချာ ပါရဂူဘွဲ့တွေ ရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်နဲ့ ဟမ်းဘာ့တက္ကသိုလ်တွေမှာ ကထိက၊ ၁၉၈၀-၁၉၈၁ မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုတက္ကသိုလ်မှာ ကထိက၊ ၁၉၈၂ - ၁၉၈၄ မှာ ကင်ညာနိုင်ငံ နိုင်ရိုဘီတက္ကသိုလ်မှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းအပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရံပါတီဖြစ်သည့် အမျိုးသားဒီမိုကရက်တစ်ပါတီ (National Democratic Party) ကနေ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခြယ်တင် မြောက်ခံရပါတယ်။

၂၀၀၉ စက်တင်ဘာ ၃၀ ရက်နေ့က ကနေဒါနိုင်ငံ အော့တဝါရှိ အောက်လွတ်တော်တွင် မြန်မာ့အရေးဆွေး‌နွေးအပြီး NCUGB ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းအား တွေ့မြင်ရပုံ
myanmar-sein-win ၂၀၀၉ စက်တင်ဘာ ၃၀ ရက်နေ့က ကနေဒါနိုင်ငံ အော့တဝါရှိ အောက်လွတ်တော်တွင် မြန်မာ့အရေးဆွေး‌နွေးအပြီး NCUGB ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းအား တွေ့မြင်ရပုံ (Reuters)

စစ်တပ်က အာဏာလွှဲဖို့ ပျက်ကွက်ခဲ့အပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေ လွှတ်တော်ခေါ်ဖို့ ဆောင်ရွက်ခဲ့တဲ့ အတွက် စစ်တပ်က လိုက်လံဖမ်းဆီးချိန် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာ ၁၉၉၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်စု‌ပေါင်းပြီး အဝေးရောက်ညွှန့်ပေါင်း အစိုးရအဖွဲ့ဖွဲ့စည်းကာ မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေကို ပြည်ပကနေ ဦးဆောင် လုပ်ဆောင်ခဲ့တာဟာ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ရွေးကောက်ပွဲနိုင် အာဏာရတဲ့အချိန်အထိ ဖြစ်ပါတယ်။

၂၀၁၉ သြဂုတ်လမှာ မြန်မာနိုင်ငံကို ပထဆုံးပြန်လည်ဝင်ရောက်ခဲ့ပြီး အာဏာရအစိုးရအဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို နာယက ဦးတင်ဦးအပါအဝင် NLD ပါတီခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဘဝကနေ အနားယူခဲ့ပေမယ့် ၂၀၂၁ စစ်တပ်က အာဏာသိမ်းအပြီး ရွေးကောက်ခံအရပ်သားနိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးခံရပြီးနောက် ပြည်ပ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ နောက်ဆုံးအချိန်အထိ ပါဝင်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီး ဒေါ်စီစီသွယ်နဲ့ သမီးတစ်ဦး၊ သားတစ်ဦး ကျန်ရစ်ပါတယ်။