စစ်တပ်လွှမ်းမိုးမယ့်ရွေးကောက်ပွဲရလဒ်ကို တရုတ်နဲ့ရုရှားထောက်ခံ

စစ်ကော်မရှင်ကျင်းပတဲ့ရွေးကောက်ပွဲရလဒ်ကို ရုရှားနဲ့တရုတ်နိုင်ငံကထောက်ခံတာဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့မကိုက်ညီဘူးလို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံအတော်များများက မထောက်ခံပေမယ့် တရုတ်နဲ့ရုရှားက ထောက်ခံလိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်စာရင်းချုပ်ထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာရဂေး ရွှိုင်ဂူ (Sergey Shoigu) က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်မှာတွေ့ဆုံပြီး ရွေးကောက်ပွဲကိုအသိအမှတ်ပြုတဲ့အကြောင်း သမတပူတင်ရဲ့ သဝဏ်လွှာကို ပေးလိုက်သလိုနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ်လို့ပြောလိုက်ပါတယ်။

အလားတူ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Mr. Lin Jian) ကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကိုလေးစားပြီး၊ အပြုသဘောဆောင်တဲ့ အကူအညီတွေဆက်လက်ပံ့ပိုးမယ်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

စစ်ကော်မရှင်ကိုအခုလို ထောက်ခံပံ့ပိုးနေတာတွေက မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“ ပြည်သူတွေကို ဦးထိပ်ထားပါတယ် ပြည်သူတွေရဲ့ဆန္ဒကို လေးစားပါတယ်ဆိုတာကို ပါးစပ်ကပြောနေပြီး တော့ တစ်ဘက်ကလုပ်ရပ်တွေကကျတော့ ပြည်သူလူထုကို ရက်ရက်စက်စက်ပြုမူနေတဲ့ စစ်ခေါင်းဆောင် တွေကို ထောက်ပံ့ပေးနေတာဟာ အပြောနဲ့ မညီတဲ့ကိစ္စတွေဖြစ်တယ် ဆိုတာကို နားလည်ကြဖို့ လိုမယ်ထင်ပါ တယ်”

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးရဲ့ ခရီးစဉ်ဟာ ထူးခြားလေးနက်မှုရှိတယ်လို့ ပြောတာကိုတွေ့ရပါတယ်။

တရုတ်နဲ့ရုရှားက စစ်ကော်မရှင်ကိုထောက်ခံနေပေမဲ့ ပြည်သူတွေကတော့ဆက်ပြီးဆန့်ကျင်မှာြဖစ်သလို၊ ကျန်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်းဆန့်ကျင်ဖို့လိုတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် မချောစုစံက တိုက်တွန်းပါတယ်။

“ရွေးကောက်ပွဲအလွန်မှာ ထွက်ပေါ်လာမဲ့ အတုအယောင်အစိုးရကို အသိအမှတ်မပြုဖို့ လက်မခံဖို့ ဒေသခံ ပြည်သူလူထုကတော့ ဆက်လက်ပြီးတော့ တောင်းဆိုတိုက်ပွဲဝင်သွားကြမှာရှိတယ်။ ဒီနေရာမှာ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်အားဖြည့်မှုကလည်း အရေးကြီးတယ်လို့ မြင်တယ်”

မြန်မာပြည်မှာ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေကလိုလားတဲ့ ဒီမိုကရေစီအစိုးရတက်လာခဲ့ရင် တရုတ်နဲ့ ရုရှားရဲ့ အကျိုးစီးပွားတွေကိုထိခိုက်နိုင်တဲ့အတွက် ထောက်ခံအားပေးနေတာလို့ နိုင်ငံရေးလေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ တရုတ်က ဘာကြောင့်ထောက်ခံအားပေးနေရတာလည်းဆိုတော့ မြန်မာနိုင်ငံက ပထဝီနိုင်ငံရေးအရ အာရှမှာတော်တော်အရေးပါတဲ့နေရာမှာရှိနေတာကိုး၊ အရေးပါတဲ့နေရာ မှာရှိတော့ ဒီနေရာမှာ ရုရှားနဲ့ တရုတ်ကပဲ သူတို့အလိုကျအစိုးရမျိုးကို ရှိစေချင်တာပေါ့”

ဒီအတောအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်ကော်မရှင်ကို ဆက်ပြီးအရေးယူပိတ်ဆို့ ဖိအားပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမေရိကန် ဘဏ္ဍာ ရေးဝန်ကြီး စကော့ ဘက်ဆင့် က ဖေဖော်ဝါရီ ၄ ရက် အောက်လွှတ်တော်ကြားနာပွဲမှာထည့်သွင်းပြောဆိုပါ တယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲရလဒ်စာရင်းချုပ်အရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ၃၃၉ နေရာနဲ့ အများဆုံးအနိုင်ရထားတာပါ။ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကနေ ဆင်းသက်လာတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တ.စ.ည) က လွှတ်တော်နှစ်ရပ်ပေါင်း နေရာ ၂၀ နဲ့ ဒုတိယအများဆုံးရထားပြီး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီက) ၈ နေရာနဲ့ တတိယအများဆုံးအနိုင်ရထားပါတယ်။