အီရန်နဲ့မြန်မာ အပေါ် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံခြားရေးမူဝါဒဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကမ္ဘာ့ငွေကြေးတည်ငြိမ်မှုအတွက် အဓိကနေရာမှာ ဆက်ရှိနေဆဲလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆက် (Scott Bessent) က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က အမေရိကန် လွှတ်တော် ဘဏ္ဍာရေးထိန်းကြောင်းမှုကော်မတီ ၂၀၂၅ ခုနှစ် အစီအရင်ခံစာ ထုတ်ပြန်ချိန် အထက် လွှတ်တော်ကြားနာပွဲမှာ အခုလိုပြောလိုက်တာဖြစ်ပြီး အီရန်နိုင်ငံကို ဘဏ္ဍရေးအရ အပြင်းထန်ဆုံးဖိအားပေး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အီရန်စီးပွားရေးထိခိုက်တဲ့အထိ ဖြစ်လာခဲ့ကြောင်းဦ ဒီဇင်ဘာလက အီရန်စီးပွားရေးပြိုလဲခဲ့တာဟာ ဒီမူဝါဒရဲ့ အသီးအပွင့်တွေ ဖြစ်ကြောင်းလည်း မစ္စတာဘက်ဆက်က ပြောပါတယ်။
“အီရန်နဲ့ပတ်သက်လို့ သမ္မတထရန့်က သမ္မဖြစ်လာပြီးကတည်းက အီရန်ကို အပြင်းထန်ဆုံးဖိအားပေး အရေးယူဖို့ လမ်းညွှန်ခဲ့ကြောင်း၊ အခုဒီဇင်ဘာလက အီရန်စီးပွားရေးပြိုလဲပြီး (ပြည်သူတွေအစိုးရကို ဆန့်ကျင်ဆန္ဒပြလာကြတာဟာ) ဒီမူဝါဒရဲ့ အကျိုးကျေးဇူးတွေဖြစ်ကြောင်း” သူကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း မြန်မာစစ်ကော်မရှင်ကို နိုင်ငံရေးပြုပြင်ပြောင်းလဲလာအောင် ဆက် ဖိအားပေး သွားဖို့ ဘဏ္ဍာရေးလက်နက်တွေ ရှိနေသေးကြောင်း၊ ဒီအချက်တွေ ထိရောက်ဖို့ တခြာအဖွဲ့အစည်း အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။
အီရန်က မြန်မာစစ်ကော်မရှင်ကို ဂျက်လေယာဥ်ဆီတွေ တရားမဝင်လျှို့ဝှက် တင်ပို့ရောင်းချနေတဲ့အပေါ် လွှတ် တော်ကိုယ်စားလှယ်တွေက ထောက်ပြမေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်မှာ ထပ်ပြီး ဖိအားပေး ပိတ်ဆို့အရေးယူဖို့ လက်နက်ကိရိယာတွေရှိနေသေးကြောင်း၊ ဒီပိတ်ဆို့အရေးယူမှုတွေဟာ အုပ်ချုပ်ရေးအဖွဲံ့တွေကို ပစ်မှတ်ထားပြီး သာမန်ပြည်သူတွေကို ဦးတည်ထားတာမဟုတ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ သတင်းအချက်လက်စုဆောင်းတာ၊ စောင့်ကြည့် အရေးယူတာတွေရှိကြောင်းလည်း ပြောပါတယ်။
အီရန်နဲ့ မြန်မာကိစ္စဟာ ရေနံစွမ်းအင်ထွက်ရှိရာဒေသ၊ ကုန်သွယ်ရေးလမ်းကြောင်းကျရာဒေသနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ငွေကြေးစီးဆင်းမှုများတဲ့ဒေသတွေဖြစ်လို့ ကမ္ဘာ့ စျေးကွက်တွေတည်ငြိမ်ရေး အနီးကပ်သတိထားရတဲ့ နိုင်ငံတွေဖြစ်တယ်လို့လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
