ဆောမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ငါးဦးသေဆုံး

မကွေးလေတပ် ဂျက်တိုက်လေယာဥ် အနိမ့် ပျံပြီး လူနေအိမ်တွေပေါ် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့။

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုတိုက်နယ်အတွင်းက မိအယ်ရွာကို စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦး အပါအဝင် အမျိုးသမီးငါးဦး သေဆုံးတယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ညနေ ၅ နာရီခန့်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်ကတစ်စင်းက အနှိမ့်ပျံပြီး လူနေအိမ်တွေပေါ်ကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတာကြောင့် အခုလိုအစုံလိုက် အပြုံလိုက်သေဆုံးခဲ့တာလို့ ယောဒေသတွင်းက တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ယောအလင်းတန်းက ဖော်ပြပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အောက်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ အသက် ၄၀၊ ၅၃ နဲ့ ၈၀ ဝန်းကျင် အမျိုးသမီး သုံးဦး ပါဝင်ပါတယ်။ ဒီအပြင် နောက်ထပ် အသက် ၆၀ နီးပါး အရွယ် အမျိုးသမီး နှစ်ဦးလည်း ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မိအယ်ရွာက နေအိမ်လေးလုံးပျက်စီးတယ်လို့ ဖော်ပြပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း မုံရွာ၊ တန့်ဆည်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာလည်း စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းက တိုက်ခိုက်လို့ အရပ်သား ၈ ဦးသေဆုံးပြီး နောက်ထပ် လူ ၂၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။