စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ မုံရွာမြို့နယ်တွေထဲက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတွေကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကိုရင် တစ်ပါး အပါအဝင် ခုနစ်ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက RFA ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြောပါတယ်။
တန့်ဆည်မြို့နယ် သစ္စေးကုန်းရွာ မင်္ဂလာဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကိုရင်တစ်ပါး၊ အမျိုးသမီးသုံးဦးနဲ့ အမျိုးသား တစ်ဦး စုစုပေါင်း ငါးဦး သေဆုံးပြီး နောက်ထပ် ကိုရင်တစ်ပါးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သေဆုံးတာက ငါးဦး နောက်ထပ် ကိုရင်တစ်ဦးလည်း ပျောက်နေတယ်။ ပျောက်နေတယ်ဆိုတာက ဗုံးက အရမ်းပြင်းထန်တော့ ခန္ဓာကိုယ်အစိတ်အပိုင်း ရှာမရတော့တာ ဖြစ်ဖို့များတယ်။ ဒဏ်ရာရသူတွေကိုတော့ သက်ဆိုင်ရာ ဆေးရုံတွေဆီ ပို့ထားပြီ”
ဒီတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၄ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မုံရွာမြို့နယ် သက္ကယ်ကျင်းရွာက ဒေသခံတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီး (ပါရာမိုတာ) နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၈ နှစ်နဲ့ ၅၀ ဝန်းကျင် သားအဖနှစ်ဦး သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပဲ ဒီပဲယင်းမြို့နယ် ညောင်လှရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရချိန် ခရီးသွားကားတွေ ထိမှန်တာကြောင့် ယဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးပြီးနောက်ထပ်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုတာမရှိသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၈၅၃ ဦးဆေသုံးပြီး ဘာသာရေးအဆောက်အဦ ၆၇၃ ခု ပျက်စီးခဲ့ပါတယ်။
