နိုင်ငံတဝန်း သိန်းနဲ့ချီတဲ့အစိုးရဝန်ထမ်းတွေရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ဟာ အခု ဆိုရင် ငါးနှစ်ပြည့်ခဲ့ပါပြီ။ ဒီကာလမှာ စားဝတ်နေရေးအတွက်အခက်အခဲမျိုးစုံရှိပေမယ့် တိုင်းပြည်ကောင်းစေချင်တဲ့အတွက် ဆက်ပြီးတောင့်ခံနေကြတယ်လို့ပြောပါတယ်။
အနာဂတ်မျိုးဆက်သစ်တွေအတွက်တတ်နိုင်တဲ့ဘက်ကပါခဲ့တာလို့ အလယ်တန်းကျောင်းအုပ်ဆရာမကြီးတစ်ယောက်ကပြောပါတယ်။
“ကျွန်မတို့က ဆရာမတစ်ယောက်ဖြစ်တယ်။ မတရားမှုကို လုံးဝလက်မခံဘူး။ ငါတို့နိုင်ငံလေး အနာဂတ် တိုင်းပြည်လေးတော့ လှပတော့မှာပဲလို့ အောက်မေ့နေတဲ့အချိန်မှာ ဗြုန်းစားကြီး ရိုက်ခွဲ ခံလိုက်ရတယ်။ ဪ ဒီလိုမျိုးမှ အာဏာကိုမဖီဆန်ဘူး၊ ကျွန်မတို့ ဒီလို CDM မလုပ်ဘူးဆိုလို့ရှိရင် တကယ်ဗျာ နောက်မျိုးဆက်သစ်တွေအတွက် ကျွန်မတို့လုပ်တာ”
ငါးနှစ်အတွင်းမှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ အဆင်ပြေသလို လုပ်ကိုင်စားသောက်ခဲ့ပြီး ဘဝတူ ဆရာ၊ ဆရာမတွေလည်း သူ့လိုပဲ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ သူကပြောပါတယ်။
စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ပြည်သူတွေအထဲမှာ စစ်သားနဲ့ရဲတွေလည်းပါခဲ့ပါတယ်။
ပညာရေးဌာနမှာဆိုရင် ဝန်ထမ်း တစ်သိန်းခွဲလောက်အထိပါခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။ အဲဒီအထဲမှာ သက်ပြည့်ပင်စင်ယူခါနီး ဆရာ/ဆရာမတွေလည်းပါကြပါတယ်။ တချို့ဆိုရင် ဒီငါးနှစ်အတွင်း ပင်စင် ယူခွင့်မရတဲ့အတွက် ဘဝမှာအကြီးအကျယ်ပေးဆပ်လိုက်ရပါတယ်။
“ကျန်းမာရေးချို့တဲ့ပြီးတော့ လုံးဝဆင်းဆင်းရဲရဲနဲ့ အကြွေးလည်ပင်းပိနေတဲ့၊ တစ်ခါ သားစိမ်းငါးစိမ်း ရောင်းနေရတဲ့အဖွဲ့တွေအကြောင်းကို ကြားခဲ့ရတယ်။ ဒါပေမဲ့ အဲဒီလို ကြားခဲ့တဲ့အခါမှာ ကျွန်မတို့ ဆက်သွယ်လို့ရတဲ့အခါမှာ သူတို့တွေမှာ ကိုင်ရမယ့် ဖုန်းနံပါတ်လေးတောင် မရှိတဲ့အတွက် ကျွန်မတို့က တစ်ယောက်တစ်ဆင့်စကား တစ်ဆင့်နားနဲ့ပဲ ကြားခဲ့ရတယ်။ ဒီကြားထဲမှာ အကြောင်းအမျိုးမျိုး ကြောင့် ဆုံးသွားတဲ့လူတွေ၊ ဖမ်းဆီးခံထားရတဲ့ ဆရာ ဆရာမတွေ၊ အဲဒီလိုမျိုးဟာတွေအတွက်လည်း ခံစားရတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က CDM တွေကို ထောက်ပံ့ကူညီတယ်ဆိုပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူစေ့ထောက်ပံ့ကူညီနိုင်တာမျိုးမရှိဘူးလို့ ပြောထားပါတယ်။
CDM လှုပ်ရှားမှုမှာပါတဲ့သူတွေကို ဖမ်းဆီးထောင်ချတဲ့နည်းနဲ့ ခြိမ်းခြောက်ဖိအားပေးတာတွေကြောင့် မူလလုပ်ငန်းခွင်ကိုပြန်ဝင်သွားတဲ့သူတွေလည်းရှိခဲ့ပါတယ်။ တချို့ကလည်း ကိုယ့်ဇာတိအရပ်ကနေ တိမ်းရှောင်သွားကြပါတယ်။
ပြည်သူ့ဘက်ပြောင်းလာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ စာရင်းတွေကို ဖော်ပြနေတဲ့ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင် စတဲ့ အဖွဲ့အစည်းတွေနဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေမှာ စစ်တပ်က အရာရှိအရာခံနဲ့အခြားအဆင့် ငါးထောင်နီးပါးနဲ့ ရဲတပ်ဖွဲ့က တစ်သောင်းဝန်းကျင် CDM လုပ်ခဲ့တယ် လို့ဆိုပါတယ်။ စစ်တပ်ထဲမှာမလုပ်ချင်လို့ ထွက်လာသူထဲက အချို့ကလည်း CDM လှုပ်ရှားမှုမှာပါတာ မျိုးမဟုတ်ဘဲ စစ်ပြေးအဖြစ်နဲ့ နေတဲ့သူတွေလည်းရှိတယ်လို့ CDM စစ်တပ်အရာရှိတွေက ပြောပါ တယ်။
CDM လုပ်သွားတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အလုပ်ခွင်ပြန်ဝင်ရောက်ဖို့ သက်ဆိုင်ရာဌာနတွေရဲ့ အမည်ပျက် စာရင်း Black lists ကနေဖြေလျှော့ပေးနေတယ်လို့ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကြေညာထားပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အရေးယူတာတွေရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။
" ၅၀၅ ဆိုပြီးတော့ အဖမ်းခံရမှာကြောက်နေတာကို သူတို့ တမင်သက်သက် ဖြေလျှော့လိုက်တာပေါ့။ အဲတော့ ပြန်ဝင်လာတာ ဒီစာရင်းကနေပယ်ဖျက်ပေးမယ်ဆိုပေမယ့် သူတို့ ခေါင်းစဉ်တပ်ထားတဲ့ သူတို့ကို ဆန့်ကျင်တော်လှန်တိုက်ခဲ့တဲ့အရာတွေနဲ့ အကြမ်းဖက်ဥပဒေတွေနဲ့ အရေးယူမှာတွေရှိလာ နိုင်တယ်ပေါ့နော် ဝင်သွားရင်လည်းရှိလာနိုင်တယ်”
အခုလို နှစ်တိုင်းဖိတ်ခေါ်ခဲ့ပေမယ့် အများစုက စစ်တပ်ကိုအယုံအကြည်မရှိဘူးလို့ ပြောကြပါတယ်။
ဒီလှုပ်ရှားမှုကြောင့်တချိန်မှာအကျိုးရှိလိမ့်မယ်လို့ အသက် ၂၂ နှစ်အရွယ်မှာ ပြည်ခရိုင် သဲကုန်းမြို့နယ် မီးသတ်ဦးစီးရုံးကနေ CDM လှုပ်ရှားမှုမှာပါခဲ့တဲ့ ကိုကောင်းမြတ်သူ ကပြောပါတယ်။
“တနေ့နေ့တချိန်ချိန်မှာ ကျွန်တော်တို့ CDM လုပ်ခဲ့တဲ့အရာတွေက မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အပေါ်မှာ အများကြီး အကျိုးဖြစ်လိမ့်မယ်ဆိုတာအာမခံတယ်။ အဲဒီအတွက်ကြောင့် အားလုံးကို ဦးညွှတ်ရင်း လေးစားကျေးဇူးတင်လျက်ရှိနေပါတယ်ခင်ဗျာ “
