အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ခဲ့ကြတဲ့ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအခြေစိုက် မိသားစုကြီး လေးစုက အကြီးအကဲတွေနဲ့အပေါင်းအပါတွေကို တရုတ်အစိုးရက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ အစုလိုက် သေဒဏ်ပေး စီရင်ခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာနတွေကို ကြေညာပါတယ်။
အင်တာနက်အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို ရာဇဝတ်ဂိုဏ်းတွေဖွဲ့စည်း လည်ပတ် လုပ်ကိုင်ရာမှာ ဦးဆောင်တဲ့ မိသားစုတွေကို အခုလို အစုလိုက် သေဒဏ်ပေး ကွပ်မျက်တာဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ကြုံတောင့်ကြုံခဲ ဖြစ်ရပ် ဖြစ်သလို သေဒဏ်ပေးခံရသူ မိသားစုအများစုဟာ မြန်မာနိင်ငံသားတွေ ဖြစ်နေတာ ထူးဆန်းတယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေက ရေးသားပါတယ်။
ဒီရာဇဝတ်ဂိုဏ်းမိသားစုလေးစုကတော့ မြီ(Ming) မိသားစု၊ ပယ် (Bai) မိသားစု၊ ဝေ (Wei) မိသားစုနဲ့ လျို (Liu) မိသားစု တို့ဖြစ်ပြီး တရုတ်အစိုးရက ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ကျားဖြန့်လုပ်ငန်းတွေအတွက် ဖမ်းဆီးဖို့ အလိုရှိကြောင်း အမိန့်ထုတ်ထားခံရသူတွေဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က သေဒဏ်ပေးကွပ်မျက်ခံရသူ ၁၆ ဦးထဲမှာ အဓိက ခေါင်းဆောင် ၄ ဦးပါဝင်ပြီး ကိုးကန့် ပယ်မိသားစုက မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးပယ်ဆောက်ချိန် (Bai Suocheng)ရဲ့ သား ပယ်ရင်ဆန်း (Bai Yingcang) ခေါ် ဦးခင်မောင်ဝင်းနဲ့ တခြား ၃ ဦး ပါဝင်ပါတယ်။ သူတို့ဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့အပြင် လူသတ်မှု၊ ထိခိုက်ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ အကြပ်ကိုင်ငွ ခြိမ်းခြောက်ငွေတောင်းခံမှု၊ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တယ်လို့ တရုတ်အစိုးရစွဲချက်မှာ ပါရှိပါတယ်။ ဒီလုပ်ငန်းတွေရဲ့ ဝင်ငွေဟာ အမေရိကန် ဒေါ်လာ သန်း ၄ ထောင်ကျော်ရှိခဲ့ပြီး၊ တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရသလို တခြား အများအပြားကို ထိခိုက်ဒဏ်ရာရ စေခဲ့တယ်လို့ တရုတ်အစိုးရ ပြည်သူ့တရားရုံး အမိန့်မှာပါရှိပါတယ်။
မြီမိသားစုနဲ့အဖွဲ့ဝင်တွေကို မြန်မာစစ်အာဏာပိုင်တွေက ဖမ်းဆီးပြီး ၂၀၂၃ နိုဝင်ဘာမှာ တရုတ်အစိုးရ အာဏာပိုင်တွေ လက်ထဲကို လွှဲပြောင်းပေးခဲ့ပါတယ်။
၂၀၂၄ ဇန်နဝါရီလ ဒုတိယအသုတ်မှာတော့ ကျန် ဒုစရိုက်ဂိုဏ်း မိသားစုတွေက ရွှီမိသားစုက ရွှီလောက်ဖာ (Xu Lao Fa) ခေါ် ဦးစံငြိမ်းအောင်၊ လျိုသားစုက လျိုကျိန့် မောက် (Liu Zhengmao) ခေါ် ဦးလျိုဖူလုံး၊ လျိုကျိန့်ချန် (Liu Zhengxiang) ခေါ် ဦးလျှိုအားပေါက် နဲ့ ဝေမိသားစုက ကိုးကန့် ပြည်သူ့စစ် တပ်ရင်း ၁၀၀၆ အကြီးအကဲ ဝေဝှိုင်ရန် (Wei Huairen) ခေါ် ဝေစန်းတို့ကို မြန်မာစစ်တပ်က တရုတ်အစိုးရလက်ထဲကို လွှဲပြောင်းပေးခဲ့ ပါတယ်။
ဦးပယ်ဆောက်ချိန်ဟာ ၁၉၉၂ မှာ ဦးဖုန်ကျားရှင်နဲ့အတူ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသားများဒီမိုကရက်တစ် တပ်ပေါင်းစု (MNDAA) ရဲ့ ဒုစစ်ဦးချုပ်ဖြစ်ခဲ့ပြီး လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြီးအကဲ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ကနေ ရွေးကောက်တင်မြှောက်ခံရပြီး ၂၀၁၁ ကနေ ၂၀၁၆ အထိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူဖြစ်ပါတယ်။ ဦးပယ်ဆောက်ချိန်ဟာ တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထားစဥ် တရားရုံးက ၂၀၂၅ နိုဝင်ဘာ ၄ ရက်နေ့ သေဒဏ်ချမှတ်အပြီး တစ်ပတ်အကြာ ၂၀၂၅ နိုဝင်ဘာ ၁၁ ရက်မှာ တရုတ်အစိုးရ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း မြီမိသားစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြီရှောက်ချန်း(Ming Xuechang)ရဲ့ သားဖြစ်သူ ကိုးကန့် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဟောင်း မြီကော်ဖျင်း (Ming Guoping)နဲ့ မြေးမဖြစ်သူ မြီကျိန်းကျိန်း (Ming Zhenzhen) ခေါ် မသီရိမောင်အပါအဝင် ၁၁ ဦးကို တရုတ်အစိုးရ အာဏာပိုင်တွေ သေဒဏ်ပေး ကွပ်မျက်ခဲ့ပါတယ်။
