မြန်မာအပေါ် အာဆီယံမူဝါဒ မပြောင်းလဲဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌပြော

အရင်ကရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံ အပေါ် အာဆီယံအဖွဲ့ကြီးက ထားရှိတဲ့ အခြေခံမူဝါဒ သဘောထား ဖြစ်ဟုဆို။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံများအဖွဲ့အနေနဲ့ ပြောင်းလဲသွားတာ မရှိကြောင်း၊ မြန်မာနိင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ မရပ်တန့်သရွေ့ စစ်တပ်က ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲကိုလည်း အသိမှတ်ပြုမှာမဟုတ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၆ရက်နေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲအပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီက ပြောကြားချက်တွေအရ မြန်မာနိုင်ငံအပေါ် မူဝါဒသဘောထား ပြောင်းသွားသလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေချိန် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ထရီဇာ လာဇရို (Theresa Lazaro) က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ စင်္ကာပူနိုင်ငံမှာရှိတဲ့ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဆိုင်ရာ ယူစွတ် အီရှက် သိပ္ပံ (ISEAS – Yusof Ishak Institute) မှာ ကျင်းပတဲ့ အာဆီယံအဖွဲ့ ၂၀၂၆ ကာလ အာဆီယံအဖွဲ့ကြီးနဲ့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံတို့အတွက် စိန်ခေါ်ချက်များ အကြောင်း ဟောပြောအပြီး အမေးအဖြေအစီအစဥ်မှာ မြန်မာမူဝါဒကို ထုတ်ဖော်ပြောကြားတာဖြစ်ပါတယ်။

“အပြောင်းအလဲမရှိပါဘူး၊ အရင်ကရှိထားတဲ့ ဘုံသဘော တူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံ အပေါ် အာဆီယံအဖွဲ့ကြီးက ထားရှိတဲ့ အခြေခံမူဝါဒ သဘောထား ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့ ပြောင်းလဲမှုတွေမှာ ချဥ်းကပ်ပုံ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပါတယ်။ ဒါပေမယ့် ဒါဟာလည်း အခုလောလောဆယ်မဟုတ်ဘဲ နောင်ပိုင်းကာလ အခြေအနေတစ်ခုမှာပဲ ဖြစ်နိုင်တာပါ”လို့လည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စင်္ကာပူဆွေးနွေးပွဲ အမေးအဖြေအစီအစဥ်မှာ မေးခွန်းအားလုံး ထက်ဝက်နီးပါးဟာ အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာအပေါ်သဘောထားနဲ့ပတ်သက်တဲ့မေးခွန်းတွေချည်းပဲလို့ စင်္ကာပူစထရိတ်တိုင်းစ် (The Strait Times ) သတင်းစာက ရေးပါတယ်။

မစ္စလာဇရိုဟာ အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သလို ချည်းကပ်ပုံပြောင်းဖို့ လိုတယ်ဆိုတဲ့ အယူအဆဟာ မြန်မာစစ်ကော်မရှင်၊ အတိုက်အခံနိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးပွဲတွေကို အခြေခံလာတာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများထိပ်သီးညီလာခံ မတိုင်မီ မြန်မာစစ်ကော်မရှင်နဲ့ရော၊ တခြားနိုင်ငံရေးအင်အားစုတွေနဲ့ပါ တွေ့ဆုံချင်ခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ကို လက်ခံအပြီး ရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်ကို လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို နှစ်ပတ်အကြာမှာ မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေပါဝင်ရမယ့် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တောင်ဘက်ရှိ တ‌‌ဂေးတေးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။