ရွှေစျေး စံချိန်တင် စျေးတက်အပြီး ရွှေလုပ်ငန်းရှင် ၃ ဦးကို စစ်ကော်မရှင်ဖမ်းဆီး

စစ်အာဏာမသိမ်းခင် ရွှေ ၁ ကျပ်သား ၁၃ သိန်းမှ ၅ နှစ်အတွင်း သိန်း ၁၀၀ ကျော်အထိ ၇ ဆ ကျော်မြင့်တက်လာ။

ရွှေတုံးရွှေခဲတွေဝယ်ယူသိုလှောင်ပြီး စျေးကွက်မတည်ငြိမ်အောင် ဈေးကစားတယ်ဆိုတဲ့ စွဲချက်နဲ့ ရန်ကုန်တိုင်း ရွှေအသင်း တာဝန်ရှိသူ ရွှေလုပ်ငန်းရှင် ၃ ဦးကို စစ်ကော်မရှင်က ‌ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြေညာပါတယ်။

စစ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့ လုပ်ငန်းရှင် ၃ ဦးကတော့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ၁ ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ဖြစ်ပြီး အာဏာပိုင်တွေက ‌သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့မဟုတ်ဘဲ ပြင်ပပေါက်စျေးနဲ့ ဝယ်ယူစုဆောင်း ရောင်းချတာတွေ လုပ်တဲ့အတွက် ဖမ်းဆီးတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၆ နှစ်ဆန်းမှာ ရွှေစျေး အဆမတန် တက်လာပြီး ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၁၀၀ ကျော်အထိ တက်လာချိန် အရင်စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ မူဝါဒများနည်းတူ စျေးကွက်မှာ တက်စျေးနဲ့ အရောင်းအဝယ်လုပ်သူ လုပ်ငန်းရှင်တွေကို ပုဒ်မတပ် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ရွှေတစ်ကျပ်သားစျေးနှုန်းဟာ မြန်မာကျပ်ငွေ ၁၃ သိန်းသာရှိခဲ့ပြီး ၂၀၂၄ မတ်လမှာ တစ်ကျပ်သား သိန်း ၄၀ ကျော်၊ ၂၀၂၅ နိုဝင်ဘာမှာ တစ်ကျပ်သား သိန်း ၇၀ ကျော်၊ ၂၀၂၆ ဖေဖော်ဝါရီမှာ သိန်း ၁၀၀ ကျော်ခဲ့ပြီး စစ်အာဏာသိမ်း ၅ နှစ်အတွင်း ၇ ဆ ကျော် စံချိန်တင်မြှင့်တက်လာတာဖြစ်ပါတယ်။

ဓာတ်ပုံ - ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (RFA)