နတ်တလင်းမှာ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်

ပဲခူးတိုင်း နတ်တလင်းရှေ့ခြမ်းကို စစ်ကော်မရှင်တပ်တွေက ဖေဖော်ဝါရီလဆန်းပိုင်းမှာ ပြန်လည် ထိုးစစ်ဆင်လာ။

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ် အရှေ့ဘက်က ကျေးရွာတွေနဲ့ ပဲခူးရိုးမကြား ဒေသတွေကို စစ်ကော်မရှင်တပ်နဲ့ စစ်ကော်မရှင် ဆန့်ကျင်ရေး ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့က ဒရုန်းနဲ့ ဗုံးကျဲရာမှာ ဒေသခံကာကွယ်ရေးတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်မှာ တောင်ညိုစခန်းက စစ်ကော်မရှင်တပ်သားတွေနဲ့ ဒေသခံ အဖွဲ့တွေ ပူးပေါင်းပြီး တက်လာတဲ့စစ်ကြောင်းနဲ့ သာယာဝတီခရိုင်အ‌ခြေစိုက် ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နှစ်ဖက် အသေအပျောက်ရှိတယ်လို့ သယာဝတီကာကွယ်ရေးတပ်တွေက တို့ပြည် သတင်းဌာနကို ပြောပါတယ်။

ပဲခူးတိုင်း နတ်တလင်းရှေ့ခြမ်းကို စစ်ကော်မရှင်တပ်တွေက ဖေဖော်ဝါရီလဆန်းပိုင်းမှာ ပြန်လည် ထိုးစစ်ဆင်လာတာလို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က နတ်တလင်းရှေ့ခြမ်းက ဆီဆုံကုန်းရွာ နဲ့ ကျောက်ကုန်းလေးရွာတို့ကို စစ်ကောင်စီ တပ်က စက်တပ်လေထီး၊ Y12 လေယာဥ်တွေနဲ့ ဗုံး ၁၂ လုံး ကြဲချခဲ့တဲ့အတွက် စိုက်ခင်းမြေတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ကလည်း ကံသာယာရွာကို ၁၂၀ မမ အမြောက်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ပဲခူးတိုင်း နတ်တလင်းမြို့နယ် ကျေးရွာတွေကို စစ်မကော်မရှင်တပ်က ဗုံးကြဲခဲ့တဲ့အတွက် ပျက်စီးနေသည့် လူနေအိမ်နှင့်ဆိုင်ခန်းများအား ၂၀၂၆ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Doh Pyay)