ရွေးကောက်ပွဲအပြီး စစ်ကော်မရှင်က ဦးဆောင်ခေါ်ယူမယ့် လွှတ်တော်သစ်အတွက် ဗိုလ်ချုပ် နှစ်ဦး ဦးဆောင်တက်မယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ စုစုပေါင်း ကိုယ်စားလှယ် ၄၄၀ ရှိမဲ့ ပြည်သူ့လွှတ်တော်အတွက် စစ်ခေါင်းဆောင်က ပေးပို့တဲ့ စစ်သားကိုယ်စားလှယ် ၁၁၀ ရဲ့ အမည်စာရင်းကို စိစစ်ပြီး ထုတ်ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစာရင်းမှာ ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်ပြီး ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီး ၁၈ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄၂ ဦး၊ ဗိုလ်မှူး ၃၉ ဦးနဲ့ ဗိုလ်ကြီးအဆင့် ၁၂ ဦးပါဝင်ပါတယ်။ ဗိုလ်ချုပ်ရဲကျော်သူဟာ အလုပ်သင်ဗိုလ် (တေဇ ၂၀) ကျောင်းဆင်းဖြစ်ပြီး တပ်မတော်မှတ်တမ်းရုံးညွှန်ကြားရေးမှူးတာဝန်ယူခဲ့သူလို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ရေးပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အမျိုးသားလွှတ်တော် တက်ရောက်မယ့် တပ်အရာရှိ ၅၆ ဦးရဲ့ အမည်စာရင်းကို ထုတ်ပြန်ရာမှာ ဗိုလ်ချုပ်ကျော်သူရအေး ဦးဆောင်ပြီး ဗိုလ်မှူးချုပ် ၆ ဦး၊ ဗိုလ်မှူးကြီး ၁၆ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၅ ဦး၊ ဗိုလ်မှူး ၂၁ ဦးနဲ့ ဗိုလ်ကြီး ၇ ဦးပါဝင်ပါတယ်။ ဗိုလ်ချုပ်ကျော်သူရအေးဟာ အလုပ်သင်ဗိုလ် (တေဇ ၂၁) ကျောင်းဆင်းဖြစ်ပြီး ဒုတိယတပ်မတော်စစ်ဆေးရေးချုပ် တာဝန်ယူခဲ့သူလို့ သိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူက မဲပေးရွေးခြယ်ခြင်းမရှိဘဲ လွှတ်တော်မှာ ၄၀ ရာခိုင်နှုန်း အလိုလျောက် ကိုယ်စားလှယ်နေရာရရှိလာတဲ့ ဒီတပ်အရာရှိ ကိုယ်စားလှယ်တွေဟာ လွှတ်တော် ဥပဒေပြုရေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထားကို ကိုယ်စားပြု ရပ်တည်မဲပေးကြရမှာဖြစ်ပါတယ်။
ဓာတ်ပုံ - ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့က နေပြည်တော်လွှတ်တော်မှာ မဲခွဲဖို့စောင့်ဆိုင်းနေကြသည့် တပ်ကိုယ်စားလှယ် စစ်အရာရှိများအား တွေ့ရစဉ်။ (AFP)
