မြင်းခြံ၊ရေစကြို၊နွားထိုးကြီး ရွာ ၁၆ ရွာ မီးရှို့ခံရ၊ လူတစ်သောင်းကျော်တိမ်းရှောင်နေရ

စစ်ကြောင်းထိုးစဥ် ပစ္စည်းအရင်ယူပြီး အိမ်ကို မီးရှို့ဖျက်ဆီးဟု ဒေသခံတွေပြော။

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီး၊ မြင်းခြံနဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရွာပေါင်း ၁၆ ရွာခန့်ကို ဒီရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ စစ်ကြောင်း ထိုးနေတာကြောင့် လူတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီ ပထမပတ်အတွင်း နွားထိုးကြီးမြို့နယ်ထဲက မြ၀တီ၊ ကျွန်းဒေါင့်၊ ဝက်လူး၊ ကြာကန်၊ ငှက်ပျောအိုင်၊ ရွာကြီး၊ ကဒေါင်း၊ ခံစပ်ကုန်း (အနောက်) စတဲ့ ရွာ ၈ ရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း နွားထိုးကြီးမြို့နယ် အရှေ့မြောက်ပိုင်းက ရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ရွာ ၁၀ ရွာကျော်က ဒေသခံ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နွားထိုးကြီး ဒေသခံ ကိုဒဿက RFA ကို ပြောပါတယ်။

“သူတို့က ရွာတစ်ရွာကို ဝင်ပြီဆိုရင် ပစ္စည်းတွေအရင်ယူတယ်။ ယူပြီးရင် မီးတင် (မီးရှို့) တာပေါ့။ စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူတွေက ကပ်မနေရဲဘူး။ အခု ကြာကန်ဆိုရင် ပြောင်သလောက်ဖြစ်သွားပြီ၊ ခံစပ်ကုန်း အနောက်ရွာဆိုရင်လည်း ပြောင်သလောက်ဖြစ်နေပြီ”

မီးရှို့ခံရတဲ့ရွာတွေကို ရွာခံတွေ မပြန်ရဲသေးတာကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းအထိ စစ်ကော်မရှင်တပ် စစ်ကြောင်းက ကဒေါင်းရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့နယ်နဲ့ ရေစကြိုမြို့နယ်မှာတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကစလို့ ဧရာ၀တီမြစ် အရှေ့ဘက်ကမ်း မြစ်ရိုးတစ်လျှောက်က ရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့တာကြောင့် ရွာ ၈ ရွာက နေအိမ် ၅၀၀ ထက်မနည်း မီးလောင် ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့နယ် ပြည်တော်သာ၊ ဒါးကျွန်း (တောင်) ၊ ဒါးကျွန်း (မြောက်)၊ တန်းဆောင်း၊ အောင်ပြည်စိုး၊ ရှားတောကုန်း၊ ရဲကုန်းနဲ့ ရေစကြိုမြို့နယ် နတ်ညွှန်းရွာ တို့ မီးရှို့ဖျက်ဆီးခံရတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ရှို့တဲ့နေရာမှာ တစ်ရွာလုံးအနေနဲ့ ကုန်တာတော့ နတ်ညွှန်းရွာမကြီးက အကုန် ကုန်သွားတာပေါ့ လေးအိမ်ပဲ ကျန်တယ်။ တခြားရွာတွေလည်း ကြိုကြားကြိုကြား လောင်တာတွေရှိတယ်။ စစ်ကြောင်းက မြင်းခြံအနောက်ခြမ်းကိုဝင်တာ နတ်ညွှန်းကလည်း မြင်းခြံနယ်နဲ့ ကပ်နေတဲ့ရွာပေါ့ နယ်ကျတော့ ရေစကြိုနယ်ထဲ ပါသွားတာ။ ရွာတွေကတော့ ရွာကြီးတွေပဲ ကျွန်းအိမ်တွေ၊ အိမ်ကြီးအိမ်ကောင်းတွေ မီးရှို့ခံရတာ”

မြင်းခြံမြို့နယ်ထဲက စစ်ကော်မရှင်တပ် စစ်ကြောင်းကတော့ မြင်းခြံမြို့ က ခမရ (၁၅) တပ်ရင်းထဲကို ပြန်ဝင်သွားပြီလို့ သူက ပြောပါတယ်။ ဒါပေမဲ့ လုံခြုံရေးစိတ်မချရသေးတာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်ဟာ ဧရာ၀တီမြစ် မြေနုကျွန်းသောင်ခုံတွေမှာ ကြက်သွန်နဲ့ ဆေးရွက်ကြီး စိုက်ပျိုးတဲ့ကာလဖြစ်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရလို့ စိုက်ပျိုးရေးလုပ်ငန်းတွေမဝင်နိုင်ဘဲ စားဝတ်နေရေးအတွက် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ မြင်းခြံမြို့နယ်မှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအလိုမှာ ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြချက်နဲ့ အခုစစ်ကြောင်းထိုးခဲ့တဲ့ ဧရာ၀တီမြစ်အရှေ့ဘက်ကမ်းက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတုန်းကတော့ နတ်ညွှန်းရွာက နေအိမ် ၆၂ လုံး၊ ပတ္တာရွာက စာသင်ကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ၂၇၇ လုံး စုစုပေါင်း နေအိမ်အဆောက်အအုံ ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

နွားထိုးကြီးမြို့နယ်မှာတော့ တော်လှန်ရေးအင်းအားစုတွေက နွားထိုးကြီးမြို့အနီးတစ်၀ိုက်ထိ နယ်မြေထိန်းချုပ်မှုအားကောင်းတာကြောင့် စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိပါဘူး။

ဒါကြောင့် စစ်ကော်မရှင်တပ်က စစ်ရေးပစ်မှတ်တင်မဟုတ်ဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး မြေလှန်စနစ်နဲ့ နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေတာလို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အခု ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါင်း တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရခဲ့ရပါတယ်။

ဓာတ်ပုံ - ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေးတိုင်း မြင်းခြံမြို့နယ်က ဒါးကျွန်းရွာ မီးရှို့ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ (Anyar Thar. MGN)