၂၀၂၀ ရွေးကောက်ပွဲမှတ်တမ်းတွေဖျက်ဆီးတာ ရာဇဝတ်မှုလို့ နိုင်ငံရေးသမားတွေပြော

၂၀၂၀ ရွေးကောက်ပွဲ မှတ်တမ်းတွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လုပ်ထုံးလုပ်နည်းအရဆိုတာထက် အငြင်းပွားနေတဲ့နိုင်ငံရေးအရ အချက်အလက်တွေကို ဖျောက်ဖျက်တာလို့ ထောက်ပြကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက်အသုံးပြုခဲ့တဲ့ မဲစာရင်း တွေ၊ ဆန္ဒမဲလက်မှတ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာမှတ်တမ်းတွေကို စစ်ကော်မရှင်က အခုဖေဖော်ဝါရီလ ၄ ရက်နေ့နဲ့ ၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကာလသက်တမ်းကျော်လွန်သွားလို့မီးရှိူ့ဖျက်ဆီးတာလို့ စစ်ကော်မရှင်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးဖို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်ဝင်း ဦးဆောင်တဲ့ ၁၄ ဦးပါတဲ့အဖွဲ့ကို စစ်ကော်မရှင်က တာဝန်ပေးတာဖြစ်ပါတယ်။

ဒါဟာ သက်သေခံပစ္စည်းဖျောက်တာလို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒလမြို့နယ်မဲဆန္ဒနယ်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ဦးဘိုဘိုဦးက RFA ကိုပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုမရှိခဲ့ပါဘူး၊ ဒါကိုမသမာမှုရှိတယ်ဆိုပြီး မတရားစွပ်စွဲပြီးတော့ အာဏာကိုသိမ်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် သူ့မှာ လိပ်ပြာမလုံဘူးလေ၊ လိပ်ပြာမလုံတဲ့အခါကြတော့ သက်သေခံပစ္စည်းဖျောက်တာတို့၊ ဟိုလူ့ကိုအပြစ်ပုံချ၊ ဒီလူ့ကိုအပြစ်ပုံချ ဒီလိုနဲ့ပဲ ငါးနှစ်ကြာလာပြီးတော့ ရာဇဝတ်မှုကို သူတို့ကျူးလွန်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်ဗျာ”

တရားဥပဒေကြောင်းအရ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးမှုတွေမလုပ်ရသေးဘဲ စစ်ကော်မရှင်အနေနဲ့ ဒီလိုမျိုး လုပ်ခွင့်မရှိဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ် နှင်းနှင်းမွှေးကပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲရလာဒ်က မဲမသမာမှု၊မဲစာရင်း မမှန်ကန်မှုလို့ပြောခဲ့တယ်၊ တရားဥပဒေကြောင်းအရဆိုလို့ရှိရင် အဲဒီလိုကိစ္စတွေက သေသေချာချာကိုပဲ စစ်ဆေးရမယ့်ကိစ္စဖြစ်တယ်။အဲဒါတွေကို မစစ်ဆေးရသေးဘဲနဲ့ လွတ်လပ်တဲ့ ပွင့်လင်းတဲ့တရားမျှတမှုရှိတဲ့စုံစမ်းစစ်ဆေးမှုမလုပ်ဘဲနဲ့ကို ဒါတွေလုပ်ခွင့်မရှိဘူး။ နောက်တစ်ပိုင်းကကြည့်ရင် ၂၀၂၀ ရွေးကောက်ပွဲဆိုတာက ပြည်သူလူထုက သူတို့လိုလားနှစ်သက်တဲ့ချစ်ခင်တဲ့ တကယ်ယုံကြည်တဲ့ ဒီမိုကရေစီအခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်တယ်ဆိုတဲ့ ခေါင်းဆောင်တွေကို ပါတီတွေကို မဲပေးခဲ့တာဖြစ်တယ်။ ဒီလိုမျိုးတကယ်ပြည်သူလူထုက လက်ခံတဲ့ရလာဒ်တွေကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဘယ်လိုနည်းနဲ့မှ ဖျက်ဆီးခွင့်မရှိဘူး။ ဖျက်ဆီးခဲ့လို့ရှိရင်လည်း ဒါဟာ သမိုင်းရဲ့တရားခံတွေဖြစ်တယ်လို့ပဲပြောချင်ပါတယ်”

စစ်ကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလဒ်မှတ်တမ်းတွေကို လုပ်ထုံးလုပ်နည်းဆိုတဲ့ဆင်ခြေနဲ့ မီးရှိူ့ဖျက်ဆီးလိုက်ပေမယ့် ပြည်သူလူထုရဲ့ ဆန္ဒကတော့ ပျောက်သွားမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က RFA ကိုပြောပါတယ်။

“ဒီခေတ်ကြီးမှာဗျာ ဒီလိုသမိုင်းနဲ့ဆိုင်တဲ့အချက်အလက်တွေဆိုတာက စာရွက်စာတမ်းတွေမီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတာက ပျောက်ပျက်သွားမယ့်ကိစ္စမှမဟုတ်တာ၊ ဒါက ပြည်သူ့ဆန္ဒနဲ့ဆက်စပ်နေတဲ့ကိစ္စဖြစ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒကဘာလဲဆိုတာက စာရွက်စာတမ်းတွေမီးရှို့လိုက်ရုံနဲ့တော့ ပျောက်ပျက်သွားမှာမဟုတ်ဘူး”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

၂၀၂၀ ပြည့်ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို တရားမဝင်တော့ဘူးဆိုတာမျိုးပြဖို့ စစ်ကော်မရှင်ဘက်က ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလက်ရှိမှာက စစ်အုပ်စုက ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်တွေ ပေါ်လာတော့မယ်။ တစ်ဘက်မှာကလည်း ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ CRPH ဆိုတာရှိတဲ့အတွက် သူ့ရဲ့ တရားဝင်မှုကလည်း ကုန်တော့မှာဖြစ်တဲ့အတွက် ဒါကိုလည်း တဖက်ကနေပြီးတော့ ပြချင်တယ်။ CRPH သည် တရားဝင်မှုမရှိတော့ဘူး၊ အဲဒီအတွက် အခုအသစ်ပေါ်တဲ့ လွှတ်တော်ကသာလျှင် တရားဝင်မှုရှိတယ်ဆိုတာကိုပြချင်တဲ့အတွက် ဒါ က နိုင်ငံရေးအရ တိုက်ခိုက်မှုလုပ်ဖို့ပြင်ဆင်တယ်လို့ပဲ သုံးသပ်လို့ရပါတယ်”

အာဏာသိမ်းထားတဲ့ စစ်ကော်မရှင်ဟာ တရားဝင်အစိုးရမဟုတ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ သက်သေခံပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းအကြောင်းပြပြီး ဖျက်ဆီးပိုင်ခွင့် လုံးဝ မရှိဘူးလို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေက ပြောပါတယ်။