စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ကရင်မျိုးအသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရတယ်လို့ KNU ရဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ နေ့စဉ် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံ ရတာဖြစ်ပြီး သေဆုံးထိခိုက်တာတွေအပြင် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အုံနဲ့ နေအိမ် စုစုပေါင်း အလုံး ၃၀ ခန့် ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေက KNU ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ကျောက်ကြီး၊ ရွှေကျင်၊ သံတောင်ကြီး၊ ကရင်ပြည်နယ် ဘားအံ၊ မွန်ပြည်နယ် ကျိုက်ထိုနဲ့ တနင်္သာရီတိုင်းက ဒေသတချို့မှာ ဖြစ်ပွားခဲ့တာပါ။
စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ်၊ ဒရုန်းနဲ့ စက်တပ်လေထီးတွေသုံးပြီး ဗုံးကြဲတာ၊ စစ်တပ်အထိုင်စခန်းတွေကနေ ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်တာတွေ လုပ်ခဲ့တာလို့ KNU က ပြောပါတယ်။
သေဆုံးသူတွေထဲကမှာ အသက် ၉ နှစ်အရွယ်ကနေ ၅၈ နှစ်အထိ ကလေးနဲ့ သက်ကြီးပိုင်းတွေ ပါအဝင်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း ၁ လသားအရွယ် ကလေးငယ်တွေအထိ ပါဝင်ပါတယ်။
အခုထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မတွေ့ရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်အတွင်း နိုင်ငံတစ်ဝန်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၈၅၃ ဦးသေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ - KNU ထိန်းချုပ်နယ်မြေရှိ နေအိမ်တစ်လုံးအား ဗုံးကြဲတိုက်ခိုက်ခံရအပြီး ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (KNU)
