“မြန်မာစစ်တပ်က အရပ်သားတွေကို နေ့စဥ်ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်နေတာတွေကို ကမ္ဘာက လျစ်လျူပြုထားပြီး တရုတ်တစ်နိုင်ငံထဲကပဲ မြန်မာ့အရေးမှာ ဝင်ရောက်ပါဝင်နေတယ်”လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အကြီးအကဲ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြား လိုက်ပါတယ်။
RCSS/SSA ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ၇၉ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား စစ်ရေးပြပွဲအပြီး ရိုက်တာသတင်းဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဥ် အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်ဆစ်က “အရပ်သားပြည်သူတွေဟာ နေ့စဥ်နဲ့အမျှ စစ်ဘေးဒဏ်ကို ခံစားနေရကြောင်း၊ မြန်မာစစ်တပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာတွေ တိုးမြင့်လုပ်ဆောင် လာတဲ့အတွက် သေဆုံးသူ အရပ်သား ၁၀၀၀ ကျော်ရှိခဲ့ကြောင်း၊ ဒါပေမယ့် ကမ္ဘာ့နိုင်ငံအများအပြားက စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေ ရပ်တန့်ဖို့ ပျက်ကွက်နေပြီး မြန်မာနိုင်ငံသားတွေခမျာ အားကိုးရာ မဲ့နေကြောင်း”လည်း ပြောပါတယ်။
ဒီနေ့အခြေအနေမှာ မိမိတို့အနေနဲ့ ဘယ်သူ့ကို အားကိုးယုံကြည်ရမလဲဆိုတာတောင် မသိတော့ကြောင်း၊ တိုင်းပြည် ဒုက္ခတွင်းထဲကျရောက်ခဲ့ရတာဟာ ခေါင်းဆောင်ပိုင်းက အတ္တ၊ မာနဲ့ လောဘအလိုရမ္မက် အလွန်အကျွံရှိတဲ့သူ ဖြစ်တဲ့အတွက် ပြည်သူအများစုရဲ့ ဆန္ဒကို ပြစ်ပယ်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ ဆန္ဒကို ဦးစားပေးခဲ့လို့ ဖြစ်ကြောင်းလည်း လွိုင်တိုင်းလျန် စစ်ရေးပြအခန်းအနားမှာ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောကြားခဲ့တယ်လို့ ရိုက်တာက ရေးသားပါတယ်။
RCSS/SSA ဟာ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူတစာချုပ်လက်မှတ်ရေးထိုးထားတဲ့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
ရိုက်တာနဲ့တွေ့ဆုံမေးမြန်းချက်ဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ပြည်ပ သတင်းမီဒီယာကို ဖြေကြားတာဖြစ်ပါတယ်။
ဓာတ်ပုံ - ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အကြီးအကဲ ဗိုလ်ချုပ်ကြီး ယွက်ဆစ်အား ၂၀၂၆ ဖေဖော်ဝါရီလ ၇ ရက်နေ့က လွိုင်တိုင်းလျန်စစ်ရေးပြအခန်းအနားအပြီး ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းစဥ် တွေ့ရပုံ။ (Reuters)
