၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်ကစပြီး အပိုင်းလိုက် ၃ ပိုင်း ကျင်းပခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) က အတည်ပြုမဲ ၅ ဒဿမ ၈ သန်းကျော်နဲ့ ၄၄ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၇၃၉ ဦး အနိုင်ရခဲ့တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၉ ရက်နေ့က အတည်ပြုထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိတဲ့အရေအတွက်ကို ကြေညာရာမှာ အခုလိုဖော်ပြထားတာဖြစ်ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ ပါတီပေါင်း ၅၇ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၈၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကို ပြောင်းလဲထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က အတည်ပြုမဲ ၁ ဒဿမ ၇ သန်းကျော်နဲ့ ၁၃ ရာခိုင်နှုန်းအနိုင်ရခဲ့ပြီး ကိုယ်စားလှယ် ၆၈ ဦးနဲ့ ဒုတိယမဲ အများဆုံးရခဲ့တဲ့ ပါတီဖြစ်တယ်လို့ ကြေညာထားပါတယ်။
တတိယ မဲအများဆုံးအဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက မဲစုစုပေါင်း ၁ ဒဿမ ၁ သန်းကျော်နဲ့ ၉ ရာခိုင်နှုန်း နီးပါးနိုင်ခဲ့ပြီး ကိုယ်စားလှယ် ၃၀ ဦးအနိုင်ရခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိတယ်။
