စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုများလာ

မြို့နယ် ၂၀ မှာ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးအပြီး နှစ်ပတ်အတွင်း အရပ်သား ၂၇ ဦး သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့။

ရွေးကောက်ပွဲအပြီး စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းတိုးထားတဲ့ ဒေသတွေထဲ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

စစ်အုပ်ချုပ်ရေး အမိန့်သက်တမ်းတိုးထားတဲ့ ၆၃ မြို့နယ်ထဲကမှ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယားနဲ့ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုက မြို့နယ် ၂၀ ခန့်မှာ လေကြောင်းတိုက်ခိုက်တာနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုး နယ်မြေရှင်းတာတွေ ဒီရက်ပိုင်း ဆက်တိုက် လုပ်ဆောင်လာတာပါ။

RFA က ပြုစုထားတဲ့ စာရင်းတွေရ အဲဒီမြို့နယ် ၂၀ မှာ စစ်အုပ်ချုပ်ရေး ထပ်မံသက်တမ်းတိုးတဲ့ ၂၀၂၅ ဇန်နဝါရီ ၂၉ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် လူ ၄၀ ခန့် ဒဏ်ရာရ ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ချင်းပြည်နယ် ထန်တလန်မြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်နေရာပေါင်းက အရပ်သား ၁၁ ဦးသေဆုံးပြီး နောက်ထပ် ၁၃ ဦး ဒဏ်ရာခဲ့တာပါ။

ပေါက်မြို့နယ်မှာဆိုရင် လေကြောင်းတိုက်ခိုက်တာအပြင် မြေပြင်မှာလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့်လည်း ဒေသခံ တစ်သောင်းတစ်ထောင် (၁၁၀၀၀) ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

တာဝန်ရှိသူ- ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန

“ပေါက်မှာတော့ အင်အားအလုံးအရင်းနဲ့လည်း စစ်ကြောင်းထိုးခံနေရတယ်။ လေကြောင်း၊ လက်နက်ကြီးကလည်း မကြာခဏပစ်နေတယ်ဆိုတော့ ပြည်သူတွေမှာတော့ စိုးရိမ်ထိတ်လန့်နေရတယ်။ စစ်ရှောင်တွေမှာလည်း စားနပ်ရိက္ခာပိုင်းဆိုင်ရာမှာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်ပေါ့ဗျာ။ အဲဒီတော့ သက်ဆိုင်ရာ နယ်မြေခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးစေချင်တယ်”

မကွေးတိုင်းနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်မှာလည်း တစ်ပြည်နယ်လုံးမှာ မြို့နယ် ၉ မြို့နယ်ရှိတဲ့အထဲက စစ်တပ်ထိန်းချုပ်ထားနိုင်တဲ့ ဟားခါးနဲ့ တီးတိန်မြို့နယ်ကလွဲလို့ ကျန် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားတာပါ။

အဲဒီအထဲက ထန်တလန်၊ ဖလမ်း၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေမှာ အခုဖေဖော်ဝါရီလအတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ရှိလာပါတယ်။

လေကြောင်းဗုံးကြဲတာတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်မပြန်ရဲသေးဘူးလို့ စစ်ဘေးတိမ်းရှောင်နေရသူ မင်းတပ်ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ဘေးဒုက္ခသည်-မင်းတပ်မြို့နယ်

“အခုကျမတို့လည်း စစ်ဘေးရှောင်အနေနဲ့ ရွာဘက်ကို ရှောင်လာတာဆိုတော့ အခုထက်ထိ မြို့ပေါ်ပြန်သွားဖို့ဆိုတာ ကိုယ့်အတွက်က အဆင်မပြေသေးဘူး။ အဲဒါကြောင့် အခုထက်ထိ မပြန်ဘဲနေတာ။ လေယာဉ်သံတွေရော ပြီးရင် မိုင်းတွေလည်း သူတို့ဘယ်လောက်ပဲ ရှင်းတယ်လို့ပြောပြော အကြွင်းအကျန်ရှိမှာစိုးတယ် ကိုယ်လည်း ကလေးနဲ့ဆိုတော့ မပြန်ရဲ့ဘူး။ အဲဒါကြောင့် အခုထိရွာမှာပဲ နေနေတာ”

ဒီနှစ်ပတ်အတွင်းမှာ အရပ်သားတွေ သေဆုံး၊ ထိခိုက်တာတွေအပြင် လေကြောင်းကဗုံးကြဲတာနဲ့ မြေပြင်တပ်တွေရဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေကြောင့်လည်း စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ် စုစုပေါင်း ၂၇၀ ခန့် ပျက်စီးခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မကွေးတိုင်း ရေစကြိုမြို့နယ် နတ်ညွှန်းရွာမှာဆိုရင် စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်ကြောင်းထိုးမီးရှို့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒေသံတစ်ဦး -

“တစ်ရွာလုံးအနေနဲ့ ကုန်တာကျတော့ နတ်ညွှန်းရွာမကြီးဆိုရင် အိမ်ခြေလေးအိမ်လောက်ပဲ ကျန်တော့တယ်။ အကုန်လုံးက ကျွန်းအိမ်တွေများတယ်။ ပြီးရင် အခုချိန်က ဆေးတို့၊ ကြက်သွန်တို့ လုပ်တဲ့ကာလလေ။ အဲဒါတွေလည်း ပြန်မလုပ်နိုင်ဘူးပေါ့ဗျာ ပြန်လုပ်နိုင်တော့ ပျက်စီးတာတွေ ရှိတာပေါ့။ ကျွဲ၊ နွားတိရစ္ဆာန်တွေလည်း အကုန်ပစ်ထားခဲ့ရတာ”

လက်ရှိ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးထားတဲ့ မြို့နယ်အများစုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (EAO) တွေနဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

အဲဒီအထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံကနေ စစ်ကော်မရှင်တပ်က လက်လွှဲရယူထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာလည်း စစ်အုပ်ချုပ်ရေးကြေညာထားပြီး တိုက်ပွဲဖြစ်တာမရှိပေမဲ့ နေအိမ်တချို့ ချိပ်ပိတ်ခံရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချိပ်ပိတ်သိမ်းဆည်းတာဖြစ်ပြီး နေအိမ်တွေအတွင်းက အဖိုးတန် အိမ်ထောင်ပရိဘောဂတွေကိုလည်း သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလို အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ တွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၆၃ မြို့နယ်ထဲက မြို့နယ် ၇ ခုမှာသာ စစ်ကော် မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာပါ။

ဒါကြောင့် ရွေးကောက်ပွဲအပြီးမှာ အဲဒီမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ထပ်မံသက်တမ်းတိုး လိုက်တာဖြစ်ပြီး စစ်တပ်က နယ်မြေစိုးမိုးမှုရနိုင်ဖို့ အင်းအားသုံးထိုး စစ်ဆင်လာတာတွေ ရှိလာနိုင်တာအတွက် အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ မြင့်တက်လာနိုင်တယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေက သတိပေးပြောကြားထားပါတယ်။ ။