အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တို့မှာ ဖေဖော်ဝါရီလ ၁၂ ရက် ည ၉ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ် နဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တဲ့အတွက် ပြည်သူနှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြောက်ဦးမြို့နယ်က အလယ်ဈေးရပ်ကွက်နဲ့ကျောက်တော်မြို့နယ်က ပိုက်သည်ရပ်ကွက်တို့ကို တံတားဦးလေတပ်ကနေ လာတဲ့ တိုက်လေယာဥ်နှစ်စီးနဲ့ တစ်ပြိုင်တည်း ပေါက်ကွဲအားပြင်းထန်တဲ့ ပေါင် ၂၀၀ အထက်ရှိတဲ့ ဗုံးတွေကြဲချခဲ့တာလို့ ဆိုပါတယ်။
ကျောက်တော်မြို့အလယ်မှာရှိတဲ့ မြို့မရွှေကျောင်းဘုန်းကြီးကျောင်းအနီးက ပိုက်သည်ရပ်ကွက်ကို လေကြောင်းကနေ ဆယ်မိနစ်နီးပါးကြာအောင် ဗုံးကြဲပစ်ခတ်ခဲ့ပြီး သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတို့ သေဆုံးသွားတယ်လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။
“ပိုက်သည်ရပ်ကွက်ကို ကြဲသွားတာဟုတ်ပါတယ်။ လောလောဆယ် နှစ်ဦးသေဆုံးပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေနိုင်တယ်။ ကယ်ဆယ်ရေးတွေလည်း အခြေအနေကို ကြည့်ပြီးလုပ်နေကြပါတယ်။ ဗုံးကနှစ်လုံးကို ဆက်တိုက်ကြဲချသွားတာပါ၊ အဆောက်အဦးတွေလည်း ပျက်စီးတာရှိပါတယ်”
လောလောဆယ် သေဆုံးသွားသူနှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့အသေးစိတ် အချက်အလတ်ကိုတော့ RFAအနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။ အလားတူ မြောက်ဦးမြို့နယ်က အလယ်ဈေး ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်ခဲ့ပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကဆိုပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ အာရက္ခတပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း စစ်ဘေးဒုက္ခသည်တွေ နေထိုင်နေတဲ့ စာသင်ကျောင်းကို ဒရုန်းနဲ့ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် အသက် ၈၀ကျော်အရွယ် ဒေါ်ဖြူမနုနဲ့ အသက် ၅၆နှစ်အရွယ် ဦးမှဲဒေါင်းတို့ သေဆုံးခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်နှစ်နှစ်နီးကျော် ရှိနေပြီဖြစ်ပြီး မြို့နယ် ၁၇ မြို့နယ်အထဲက မာန်အောင်၊ ကျောက်ဖြူနဲ့စစ်တွေစတဲ့ သုံးမြို့နယ်ကလွဲရင် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၇,၇၈၆ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
