ပြည်ထောင်စုနေ့ စစ်ကော်မရှင်လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံး

စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ပြည်ထောင်စုနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး ၄၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ရခိုင်ပြည်နယ်က ကျောက်တော်နဲ့မြောက်ဦး မြို့နယ်တို့ကို ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ၇၉ နှစ်ပြည့်ပြည်ထောင်စုနေ့ တစ်ရက်ထဲမှာပဲ စစ်ကော်မရှင်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ၁၈ ဦးသေဆုံးကာ နှစ်ဆယ်နီးပါးဒဏ်ရာရခဲ့တယ်လို့ မြေပြင်ကူညီနေသူတွေက RFA ကို အတည်ပြု ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဖိုလ်ဝင်တောင်အနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) စခန်းတစ်ခုကို နေ့လယ် တစ်နာရီခန့်မှာ ဂျိုင်ရိုကော်ပတာနဲ့ဗုံးကြဲခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၁၁ ဦးနေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် ဆယ်ဦးကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ စခန်းတည့်တည့်ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဗုံးပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်ငါးဦးထက်မနည်း နေရာမှာတင်သေဆုံးခဲ့ပြီး ပကဖစခန်းအတွင်းက လက်နက်ခဲယမ်းတချို့ ထပ်ဆင့်ပေါက်ကွဲတာကြောင့် အသုံးအဆောင်ပစ္စည်းတွေကို အချိန်မီ ရွှေ့ပြောင်းချိန်မရဘဲ မီးလောင်ဆုံးရှုံးသွားတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ဆားလင်းကြီးဒေသခံတစ်ဦးက ပြောပါတယ်။

“မီးငြိမ်းတော့ မီးကျွမ်းနေတဲ့ ရုပ်အလောင်း ခြောက်လောင်း ကတုတ်ကျင်းထဲ တွေ့တယ်။ တချို့လည်း မျက်နှာမမှတ်မိလောင်အောင် ဖြစ်သွားတာလဲ ရှိတယ်။ အားလုံးပေါင်းရင်တော့ ၁၁ ဦးပါ၊ မနေ့ကပဲ သင်္ဂြိုဟ်ပြီးပါပြီ”

ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်ဘက်က အဲဒီစခန်းအနီးကိုပဲ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ သူကဆိုပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ဒီနေ့ညနေပိုင်းအထိ တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။

အလားတူ ရခိုင်ပြည်နယ်က မြောက်ဦးနဲ့ကျောက်တော်မြို့နယ်တို့ကို ညပိုင်းအချိန်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် အရပ်သား ခုနစ်ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့နယ်၊ အလယ်ဈေးရပ်ကွက်က စစ်ဘေးရှောင်တွေနေထိုင်နေတဲ့ နေရာအနီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်ခဲ့တာကြောင့် နှစ်လအရွယ်ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိရခဲ့သလို ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက်ဗုံးကြဲတိုက်ခိုက်မှုမှာတော့ အရပ်သားလေးဦးသေဆုံးကာ ကိုးဦးထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကျောက်တော်ဒေသခံတစ်ဦးကတော့ စစ်ကော်မရှင်ဟာ ရခိုင်လူထုကို ရန်သူသဖွယ် အကြမ်းဖက်နေတယ်လို့ ပြောပါတယ်။

“ဆေးရုံတွေဗုံးကြဲတယ်၊ ကျောင်းတွေကြဲတယ်၊ လူနေရပ်ကွက်တွေကြဲတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ပြုမှုဆက်ဆံနေတာပါ။ လူထုကို အငြိုးတကြီးနဲ့ နိုင်ရာလက်နက်နဲ့ တိုက်ခိုက်တယ်ပဲ မြင်တယ်”

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်းက ဆေးရုံ ၁၅ ခုထက်မနည်းကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ဆေးရုံတချို့ဟာ လည်ပတ်လို့မရအောင် ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDIS)ကလည်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေ အိပ်မောကျချိန်ဖြစ်တဲ့ ညပိုင်းအချိန်ကို ပိုဦးပစ်မှတ်ထား တိုက်ခိုက်လာသလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံတွေအပြင် သဘာဝသံယံဇာတာထွက်ရှိတဲ့ ရေနံမှော်နဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နေတာ တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်နေတဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ ဂျက်ဖိုက်တာကို အများဆုံး အသုံးပြုခဲ့ပေမဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းမှာတော့ ကုန်ကျစားရိတ် သက်သာတဲ့ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကို အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။