စစ်ကော်မရှင်ကို NUG နဲ့ တွေ့ဆုံဆွေး‌နွေးနိုင်သလားဟု KIA မေးခွန်းထုတ်ထား

ဖယ်ဒရယ်ပြည်‌ထောင်စုဖြစ်လာဖို့ ပြည်သူ့အား၊ နိုင်ငံရေးစစ်ရေးဟန်ချက်ညီဖို့လိုဟု ဗိုလ်ချုပ်ဂွမ်မော်ပြော။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရာမှာ ပန်းတိုင်ကိုရောက်ဖို့ ပြည်သူလူထုအင်အားနဲ့ချီတက်ဖို့ လိုသလို၊ နိုင်ငံရေးနဲ့စစ်ရေးကိုဟန်ချက်ညီပေါင်းစပ်မှ အောင်ပွဲအမှန်ရမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်က အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ ပြုလုပ်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေး အထိမ်းအမှတ်အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးဂွမ်မော်က အခုလို ထည့်သွင်းပြောခဲ့တာပါ။

KIO အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေချိန်မှာပဲ နိုင်ငံရေးနည်းအရဖြေရှင်းနိုင်ဖို့၊ ဟန်ချက်ညီလုပ်နိုင်ဖို့ ကြိုးစားခဲ့ရာ စကားပြောဆိုဆွေးနွေးတာတွေလုပ်ခဲ့တဲ့အပြင် ဆွေးနွေးမှုတွေဟာ ခေတ္တခဏသေနတ်သံတွေ ရပ်ထားပြီး မိမိလိုချင်ရာဆွဲနိုင်ဖို့ ကြိုးစားတဲ့ အနေအထားအောက်မှာ မအောင်မြင်ခဲ့ဘူးလို့ပြောပါတယ်။

" နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တစ်ဖွဲ့တည်းနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ နေပြည်တော်ဟာ NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးထားပါတယ်။ တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIO က လက်ခံမှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများအားလုံးကို ပြောပြထားပြီးသား ဖြစ်ပါတယ်"လို့လည်း သူကပြောပါတယ်။

၂၀၂၆ ခုနှစ်ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်လာမယ့်နှစ်လို့ မျှော်လင့်ထားပြီး၊ ဒီနှစ်ထဲမှာ စစ်ရေး နိုင်ငံရေးအရ အောင်မြင်မှုရအောင် တောက်လျှောက်ကြိုးစားနေတဲ့အကြောင်းလည်း သူက ပြောပါတယ်။

အခုဖေဖော်ဝါရီလဆန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်၊ကချင်၊ကရင်နီ၊ချင်းတိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့တွေ့ဆုံပြီး တော်လှန်ရေးအောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်းလည်း ပြောကြားချက်မှာ ပါရှိပါတယ်။