ကျိုက်ထိုမှာ စစ်ကြောင်းကြောင့် လူတစ်သောင်းကျော် စစ်ဘေးရှောင်နေရ

စစ်တပ်ထိုးစစ်ကြောင့် ကျိုက်ထို တစ်မြို့နယ်ထဲက ကျေးရွာ ၁၉ ရွာက ရွာသား ၁၂၀၀၀ စစ်ဘေးဒုက္ခရောက်နေရ။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး နေတာကြောင့် ဒေသခံ တစ်သောင်းနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ငှက်ပျောတော၊ ဝင်းကံ၊ အလူးနဲ့ ခရွဲ ကျေးရွာအုပ်စုအတွင်းအမှာရှိတဲ့ ရွာပေါင်း ၁၉ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကြောင်းထိုးချိန် စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေ ကြောင့်လည်း စစ်ကွင်းရွာက အသက် ၆၀ အရွယ် ဦးစောနောင်၊ ၆၅ နှစ်အရွယ် ဒေါ်မအေး၊ မုက္ခမော့ရွာက ၆၅ နှစ်အရွယ် ဦးအေးသိန်း၊ အခိုင်ရွာက အသက် ၅၀ အရွယ် ဦးကြက်ဥတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် အသက် ၁၄ နဲ့ ၁၅ နှစ်အရွယ် ကလေးနှစ်ဦးနဲ့ အသက် ၇၂ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ကျိုက်ထို အခြေစိုက် ခမရ-၂ နဲ့ ဘီးလင်း အခြေစိုက် ခလရ-၈ တပ်ရင်းတွေက အင်အား ၂၀၀ ကျော်နဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကစလို့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဇန်နဝါရီလ ၂၉ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၂ ရက်ထိ နှစ်ပတ်အတွင်း KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦးဒဏ်ရာခဲ့ကြောင်း KNU ရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။