စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့ နိုင်ငံသစ်ထူထောင်နိုင်ရေး ကြိုးပန်းဖို့ NUG ပြော

စစ်တပ်ဟာ နိုင်ငံအတွက် အခိုင်အမာဆုံးအဖွဲ့အစည်းဖြစ်ပြီး စစ်တပ်တည်ရှိနေသရွေ့ ပြည်ထောင်စုက တည်တံခိုင်မြဲနေမယ်လို့ စစ်ကော်မရှင်ခေါင်းဆောင်ပြော။

စစ်အာဏာရှင်စနစ်ကို ချိုးဖျက်ပြီး တန်းတူညီမျှရှိတဲ့ ပြည်ထောင်စုသစ်တစ်ရပ် ထူထောင်နိုင်ရေး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ မှာ ပြောဆိုလိုက်ပါတယ်။

တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်နဲ့ အထူးသဖြင့် စစ်အာဏာရှင်အုပ်စုဟာ ပင်လုံ ကတိကဝက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် လွတ်လပ်ရေး ရပြီးချိန်ကစလို့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပွားပြီး ဒီနေ့အထိ ငြိမ်းချမ်းရေးနဲ့ ဝေးကွာခဲ့ရတာလို့ NUG ရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာထဲမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

NUG နည်းတူ တခြား တော်လှန်ရေးအင်အားစုတွေကလည်း စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတွေမှာ အတူတကွပူး ပေါင်းကြိုးပမ်းကြဖို့ ဒီနေ့မှာ အသီးသီး ထုတ်ပြန်ပြောဆိုကြပါတယ်။

အနာဂတ်မှာ စစ်တပ်ကင်းရှင်းတဲ့ နိုင်ငံရေးစနစ်ကို ထူထောင်ရမယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF) က ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စစ်တပ်ဟာ နိုင်ငံအတွက် အခိုင်အမာဆုံးအဖွဲ့အစည်းဖြစ်ပြီး စစ်တပ်တည်ရှိနေသရွေ့ ပြည်ထောင်စုက တည်တံခိုင်မြဲနေမယ်လို့ ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုပါတယ်။

ငြိမ်းချမ်းရေးအတွက်လည်း တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အမြဲကြိုဆိုနေတယ်လို့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ပြောကြားထားပါတယ်။