နိုင်ငံရေးအကျဥ်းသားတွေ ပိုလွှတ်ပေးဖို့ မြန်မာကို ဖိလစ်ပိုင်တောင်းဆို

ဒါမှသာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေး‌‌နွေးပွဲတွေဖြစ်လာနိုင်ပြီး အာဆီယံအဖွဲ့ကြီးရဲ့ မူဝါဒတောင်းဆိုချက်ကို ဖြည့်ဆည်းရာရောက်ဟုဆို။

မြန်မာနိုင်ငံရဲ့ ၇၉ နှစ်‌မြောက် ပြည်ထောင်စုနေ့မှာ နိုင်ငံရေးအကျဥ်းသားတွေကို ပိုပြီးလွှတ်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

“ထောင်ပေါင်းများစွာသော အကျဥ်းသားတွေကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်ပေးခဲ့ကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲတွေဖြစ်လာဖို့ အပြုသဘောဆောင်ရွက်ချက် ခြေလှမ်းအနေနဲ့ နိုင်ငံရေးအရ ဖမ်းဆီးအကျဥ်းချထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပိုပြီးလွှတ်ပေးလိမ့်မယ်လို့ ဖိလစ်ပိုင်အပါအဝင် နိုင်ငံအသိုင်းအဝိုင်းက မျှော်လင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မစစ်ကော်မရှင်အနေနဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပိုလွှတ်ပေးမှသာ အာဆီယံအဖွဲ့ကြီးက ချမှတ်ထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကိုဖြည့်ဆည်းရောက်ပြီး အာဆီယံနိုင်ငံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံပတ်သက်တဲ့ မူဝါဒတွေအတွက် လိုက်လျောညီထွေရှိတဲ့ သုံးသပ်ပြင်ဆင်ချက်တွေ လုပ်ဆောင်လာနိုင်မှာဖြစ်ကြောင်းလည်း လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြတိုက်တွန်းထားပါတယ်။

၂၀၂၆ မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇရို (Theresa Lazaro) ဟာ မြန်မာနိုင်ငံဆိုင်ရာ အာစီယံ အထူးကိုယ်စားလှယ်တာဝန်ကို လွှဲပြောင်းယူခဲ့ပါတယ်။ မစ္စလာဇရိုဟာ ဇန်နဝါရီလ အစောပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နေပြည်တော်မှာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီနောက် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ “မြန်မာနိုင်ငံက ရှေ့ဆက်မရဖြစ်နေတဲ့ အာဆီယံ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အကောင်ထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံက အရေးကြီးတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်” ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။