စစ်ကော်မရှင်အပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုပိုများလာကြောင်း လေ့လာသူတွေပြော

တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေပြီး တရုတ်ရဲ့ကူညီမှုတွေ အတွက် ကျေးဇူးတင်ကြောင်း စစ်ကော်မရှင်ပြောပါတယ်။

တရုတ်ရဲ့ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေကို ဆက်ပြီးပူးပေါင်းဆောင်ရွက်နေသလို၊ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်လာမဲ့ အခွင့်အလမ်း ကောင်းဖြစ်တယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖေဖော်ဝါရီလ ၁၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတဲ့တရုတ်နှစ်သစ်ကူး အခမ်းအနားမှာပြော လိုက်ပါတယ်။ ဧပြီလဆန်းမှာပေါ်ပေါက်လာမဲ့ အစိုးရသစ်နဲ့လည်း တရုတ်နိုင်ငံနဲ့ အခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်ဖို့ ယုံကြည်တဲ့အကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ma Jia (မာကျား) ကလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံ အတွင်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ရာခိုင်နှုန်း ၂၃၀ အထိတိုးတက်ခဲ့တယ်လို့ နှစ်သစ်ကူးအခမ်း အနားမှာပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တစ်ယောက်ကဒီလိုထုတ်ဖော်ပြောဆိုတာဟာ တရုတ်ဘက်ကဒီစီမံကိန်းတွေ ပြီးမြောက်ဖို့အတွက် ပြည်တွင်းတည်ငြိမ်ရေးဆိုပြီး စစ်တပ်ကိုရော တခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေကိုပါ ဖိအားပေးပြီး တွန်းတွန်း တိုက်တိုက်လုပ်လာတာကြောင့်ဖြစ်နိုင်တယ်လို့ တရုတ်-မြန်မာ နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက RFA ကို ပြောပါတယ်။

“သူ့ မဟာဗျူဟာက ကျောက်ဖြူကူမင်း လမ်းမကြီးတို့၊ မြစ်ဆုံစီမံကိန်းတို့ ဒါတွေမြန်မြန်ဆန်ဆန် ပြီးသွားရေးလေ။ ဘာဖြစ်လို့လည်းဆိုတော့ အရှေ့တောင်အာရှမှာ တခြားနိုင်ငံတွေနဲ့ သူက တော်တော် အဆင်ပြေနေပြီ။ လာအိုပဲဖြစ်ဖြစ်၊ ဗီယက်နမ်ပဲဖြစ်ဖြစ်၊ ကမ္ဘောဒီးယားပဲဖြစ်ဖြစ်၊ အဲဒီမှာ သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ သူ့ရဲ့ ပိုးလမ်းမ စီမံကိန်းကြီးက တော်တော်ဖြစ်မြောက်နေပြီ ဗမာပြည်မှာပဲ ကိုးလိုးကန့်လန့်ကျန်နေတာဖြစ်တော့ ဒါအတွက် တွန်းတွန်းတိုက်တိုက်လုပ်လိမ့်မယ်ထင်တယ် “

နောက်ထပ် တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲမှာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်နဲ့ ကြုံနေရသလို ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းဟာလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရပ်ဆိုင်းနေတာပါ။

တရုတ်ရဲ့ကြေးနီစီမံကိန်းရှိနေတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ကော်မရှင်တပ်ရဲ့ စစ်ဆင်ရေးတွေကြားမှာ အရပ်သားတွေသေကြေထိခိုက်ရတာတွေရှိနေပါတယ်။

ဒါကြောင့် တရုတ်အနေနဲ့ စစ်ကော်မရှင်ကို မထောက်ပံ့စေချင်ဘူးလို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) စစ်ရေးတာဝန်ခံ ကပြောပါတယ်။

“ဝမ်ပေါင်ပတ်ချာလည်ရွာတွေ မီးရှို့ခံရတယ်။ လက်နက်ကြီးနဲ့ ထုတာကတော့ အခုချိန်ထိပါပဲ။ လက်နက်ကြီးနဲ့ ထုတဲ့ဒဏ်တွေခံရတယ်။ အနီးဆုံးရွာတွေ ခံရတာပေါ့။ စစ်ကောင်စီက တရုတ်ရဲ့ ထောက်ပံ့မှုကြောင့်ပဲ ရပ်တည်နိုင်တာလို့ ပြောရမှာပေါ့။ တရုတ်က သူတို့နောက်မှာမရှိဘူးဆိုရင် ဒါကရှင်းရှင်းလေးရယ် စစ်ကောင်စီအနေနဲ့ ရပ်တည်ဖို့မလွယ်ဘူးဆိုတာ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ သိတယ်”

စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ဖို့ တွန်းအားပေးခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျားက တရုတ်နှစ်သစ်ကူး အခမ်းအနားမှာ ပြောပါတယ်။

လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေတွေအရ စစ်ကော်မရှင်အပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု ပိုရှိလာတာကို မြင်ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုအချိန် စစ်ကော်မရှင်ရဲ့ နိုင်ငံရေးအရ ရပ်တည်မှုအားနည်းချက်တွေ၊ တစ်ဖက်က စစ်ရေးဖိအား တွေရှိလာချိန်မှာ တရုတ်ကလွှမ်းမိုးမှုပိုရှိလာပြီးတော့မှ ဒီကာလမှာ အမိအရလုပ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။ သူတို့ ဆက်ဆံရေးကောင်းတယ်လို့ ဘယ်လိုပဲ ဆိုနေစကာမူ ဒါဟာ တကယ်တော့ သူတို့ အကျိုးစီးပွားအတွက် သူတို့ရဲ့ မဟာဗျူဟာ စီမံကိန်းတွေ အကောင်အထည်ဖော်လာတာပဲ ဖြစ်ပါ တယ်”

စစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ကုန်အထိစာရင်းတွေအရ တရုတ်၊ စင်ကာပူနဲ့ ထိုင်းဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု ထိပ်ဆုံး သုံးနိုင်ငံ ဖြစ်ပါတယ်။