ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းမြို့နယ်က ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီလ ၁၂ နဲ့ ၁၃ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ တစ်ရာခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
အဲဒီ နှစ်ရက်အတွင်း တောင်ညိုကွက်သစ် အောင်မြန်မာ (၁) ကွင်းစမ်းရွာ နဲ့ ညောင်လှဈေးတန်းက နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီရွာတွေကို နှစ်ရက်ဆက်တိုက်ကို မီးရှို့ခံရတာ အိမ်ခြေတစ်ရာအထက်ကို မီးလောင်သွားတယ်ဗျ။ ဒီရက်ပိုင်းမှာကို အဲဒီနားက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ လက်နက်ကြီးတွေနဲ့ပါ ထုနေတယ်။ နှစ်ဖက်တိုက်ပွဲတွေဖြစ်လို့ လူတွေလည်း ထွက်ပြေးနေရတယ်ဗျ။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်ကလည်း စစ်ကော်မရှင်တပ်က ဒမငယ်ရွာအနီးက အိမ်သုံးဆယ်ရွာ၊ ဥယျဉ်စုရွာအနီးက ဘန်ကောက်တန်းရွာ နဲ့ တာဂွ ကျေးရွာတွေက နေအိမ် ဆယ်နဲ့ချီ မီးရှို့ခံရတယ်လို့ ပြောပါတယ်။
ပဲခူးတိုင်း အရှေ့ခြမ်း ဖြူး နဲ့ ကျောက်တံခါးမြို့နယ်တွေနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နတ်တလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ရေးတင်းမာ နေတယ်လို့ ပြောပါတယ်။
