နွားထိုးကြီး ရွာ ၃၀ စစ်ကြောင်းထိုး၊ပစ္စည်းလုယူ အိမ်မီးရှို့ဟု ဒေသခံတွေပြော

‌ရွာထဲမဝင်မီ ဒရုန်းနဲ့ ဗုံးကြဲပြီး ဒေသခံတွေ ထွက်ပြေးချိန် တန်ဖိုးရှိပစ္စည်း ဖောက်ထွင်း၊ သယ်ထုတ်ပြီးမှ နေအိမ်တွေ မီးတင်ရှို့ဟုဆို။

မန္တလေးတိုင်း နွားထိုးကြီးနဲ့တောင်သာမြို့နယ်တွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကြောင်းတွေက ‌‌ဒေသခံ ကျေးရွာပေါင်း ၃၀ ခန့်ကို ဝင်ရောက််စီးနင်းပြီး ဒေသခံပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေ လုယူတာ၊ ဖျက်ဆီး မီးရှို့တာနဲ့ တချို့နေရာတွေမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေတောင်ရှိခဲ့တယ်လို့ ‌ဒေသခံတွေကို ပြောပါတယ်။

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်းတွေက ဒီဇင်ဘာလကတည်းက ထိုးစစ်ဆင် နေတာဖြစ်ပြီး နှစ်လအတွင်း နေအိမ်တွေကို စီးနင်းလုယက်၊ မီးရှို့နေတာလို့ ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး မန္တလေးဖရီးပရက်စ် (MFP) သတင်းဌာနက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရေးသားပါတယ်။

ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့ရာမှာ ရွာထဲမဝင်မီ ဒရုန်းနဲ့ ဗုံးကြဲပြီး၊ ဒေသခံတွေ ထွက်ပြေးချိန်မှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖောက်ထွင်းလုယက်၊ သယ်ထုတ်ပြီးမှ နေအိမ်တွေကို မီးတင်ရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးနယ်မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက တောထဲ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတွေကို မိသားစုရှေ့မှာ အဓမ္မပြုကျင့်တာ၊ ရွာထဲ မီးဝင်ငြှိမ်းတဲ့ အမျိုးသမီးတွေကို ဖမ်းဆီး အဓမ္မပြုကျင့်တာတွေပါ ကျူးလွန်နေတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

ဒီလိုစွပ်စွဲ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကော်မရှင် အာဏာပိုင်တွေဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

နွားထိုးကြီးမြို့နယ်တစ်နယ်ထဲမှာတင် မီးအရှို့ ခံရတဲ့ အိမ်အရေအတွက်ဟာ ထောင်ဂဏန်းနီးပါရှိတယ်လို့ သိရပါတယ်။