စစ်ရာဇဝတ်မှုကိုလက်ခံကြားနာမှုအတွက် အရှေ့တီမောသံကို စစ်ကော်မရှင်နှင်ထုတ်

မြန်မာစစ်ကော်မရှင်အပေါ် သဘောထား၊ ရပ်တည်ချက်မပြောင်းရင် ပိုပြင်းထန်တဲ့ အရေးယူတာတွေ ဆက်လုပ်သွားမယ်လို့ သတိပေး။

တီမောလက်စ်တေ (အရှေ့တီမော-Timor-Leste) သမ္မတက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို မကြာခဏ ဝင်ရောက် စွက်ဖက်နေတဲ့ အတွက် ရန်ကုန်မှာရှိတဲ့ တီမောလက်စ်တေ သံရုံး တာဝန်ခံအနေနဲ့ ဖေဖေါ်ဝါရီ ၂၀ ရက် နောက်ဆုံးထားပြီး ၇ ရက်အတွင်း မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားဖို့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝရီ ၁၅ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

တီမောလက်စ်တေ သံရုံး တာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီဆော်ဆာ(Elisio do Rosario Sousa) ကို ဗီယင်နာ သဘောတူ ညီချက်အရ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ က ဆင့်ခေါ်ပြီး သတိပေးခဲ့တာလို့ ဆိုပါတယ်။

အရှေ့တီမောနိုင်ငံအနေနဲ့ မြန်မာအပေါ်ထားရှိတဲ့ သဘောထားနဲ့ ရပ်တည်ချက်ပြောင်းလဲခြင်းမရှိသေးရင် ပိုမိုပြင်းထန်တဲ့ တုံ့ပြန် အရေးယူတာတွေ ဆက်လုပ်သွားမယ်လို့လည်း နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို အရေးယူဆောင်ရွက်တာဟာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ တီမောရှေ့နေချုပ်ရုံးမှာ မြန်မာ စစ်တပ်နဲ့ ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ အမှုဖွင့်ခဲ့တာကို လက်ခံကြားနာဖို့ ဆုံးဖြတ်တဲ့အချက်လည်း ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ်ကလည်း တီမောလက်တေ သံတမန်တွေကို မြန်မာစစ်တပ်ကို ဆန့်ကျင် တော်လှန်နေတဲ့ အတိုက်အခံ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG နဲ့ သံတမန်ရေး အဆက်အသွယ် လုပ်ခဲ့တဲ့အတွက် သံရုံးအကြီးအကဲနဲ့ တီမောနိုင်ငံသား သံဝန်ထမ်းတချို့ကို မြန်မာနိုင်ငံကနေ ထွက်သွားဖို့ နှင်ထုတ်ခဲ့ဖူးပြီး အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

တီမောနိုင်ငံဟာ ၂၀၂၅ အောက်တိုဘာမှာ မြန်မာအပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ ၁၁ နိုင်ငံ‌မြောက် အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပါတယ်။