BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်ကော်မရှင်ထံ လက်နက်ချ

ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်းစွဲချက်နဲ့ NUG တပ်တွေနဲ့ တိုက်ပွဲဖြစ်အပြီး ၁ ရက်အကြာမှာ စစ်ကော်မရှင်ထံလက်နကချခြင်းဖြစ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ အခြေစိုက်တဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်နဂါး ခေါ် ကိုနိုင်လင်းဟာ မြန်မာစစ်ကော်မရှင်တပ်ကို လက်နက်ခဲယမ်း တွေနဲ့အတူ လက်နက်ချခဲ့တယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်နဂါးရဲ့ BNRA တပ်ဟာ ဒေသခံပြည်သူတွေကို ဖိနှိပ်ဆက်ဆံမှုအပါအဝင် တခြားရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်တွေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းက စပြီး တိုက်ပွဲတွေဖြစ်နေခဲ့အပြီး နောက်ရက်မှာ သူ့မိသားစုဝင်တွေနဲ့အတူ စစ်ကော်မရှင်တပ်ကို လက်နက်ချသွားတာဖြစ်ပါတယ်။

စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီ ၅၀ မိနစ်မှာ BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးနဲ့ မိသားစုဝင်တွေဟာ လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ပုလဲမြို့နယ်က စစ်ကော်မရှင်တပ်တွေကို ဆက်သွယ်သတင်းပို့ပြီး အလင်းဝင်‌ရောက်လာတာလို့ ဖော်ပြထားပါတယ်။ PDF အပါအဝင် အခြားအဖွဲ့တွေဟာ စစ်ဆန့်ကျင်ရေးနဲ့ နယ်ခံလူထုကို လက်နက်အားကိုးအနိုင်ကျင့်ခြင်းနဲ့ အချိန်ကြာလာတာနဲ့ အချင်းချင်း အကျိုးစီးပွားအခြေခံ နယ်မြေလုတာ၊ ဝေစုမတည့်တာ၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတွေ ကျူးလွန်ခဲ့တဲ့အတွက် အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးဟာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ယုံကြည်လက်ခံလာပြီး အလင်းဝင်လာတာလို့‌ရေးသားထားပါတယ်။

တချိန်ထဲမှာလည်း NUG ပြည်ထဲရေးဝန်ကြီးဌာနက ထင်လင်းခေါ် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တယ်လို့ တိုင်ကြားထားတဲ့ အမှု ၇ မှုပါ တိုင်တန်းချက်စာရင်းကို အရေးပေါ်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ လူသတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ နှိပ်စက်မှုများပါဝင်ပြီး ဒီအမှုကျူးလွန်သူတွေကို လွှဲပြောင်းပေးဖို့ မလိုက်နာတဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက တဆင့် ဖမ်းဆီးဖို့ကြိုးစားရာမှာ တိုက်ပွဲများဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ BNRA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိထားသလို တပ်သား ၁၅၀ ခန့်ဟာလည်း NUG လက်အောက်ခံတပ်တွေကို လာရောက်အဖမ်းခံတာ၊ ပူးပေါင်းတာတွေရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မကွေးတိုင်း၊ ပုံတောင်ပုံညာ ဒေသနဲ့ နယ်ချင်းဆက်စပ်နေတဲ့ ပုလဲမြို့နယ်မှာ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စတဲ့ အာဏာသိမ်း စစ်တပ်ဆန့်ကျင်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးအအဖွဲ့အများအပြား ရှိနေသလို စစ်ကော်မရှင်တပ်ကလည်း ပုလဲ မြို့ပေါ် ရပ်ကွက်တွေနဲ့ ကန့်ဒေါင့်၊ အင်မထီး၊ မင်းတိုင်ပင်စတဲ့ ရွာကြီးတွေမှာ အခြေစိုက်ထားပါတယ်။