မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ၅ နှစ်အကြာမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN)ထဲကို တင်းပြည့်ကြပ်ပြည့် ပြန်ဝင်ပါလာနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် (Sihasak Phuangketkeow) က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ နှစ်နိုင်ငံချင်း တွေ့ဆုံဆွေးနွေးအပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီးနဲ့ မြန်မာနိုင်ငံအကြား ကြားခံတံတားသဖွယ် ဆောင်ရွက်ပေးဖို့ ဆန္ဒရှိပါတယ်။ မြန်မာအနေနဲ့ကလည်း အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ စပြီး စကားပြောတာ၊ အကြမ်းဖက်တိုက်ခိုက်မှု လျော့ချတာ၊ အရပ်သားတွေကို ထိခိုက်စေမယ့် တိုက်ခိုက်မှုတွေကို ရှောင်ရှားတာ စတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ စိုးရိမ်ပူပန်ချက်တွေကို တုံ့ပြန် ဆောင်ရွက်ခြင်း အားဖြင့် ထိုင်းနိုင်ငံကို ပြန်လည်ကူညီပေးဖို့လိုပါတယ်။ ဒါဆိုရင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာအာဆီယံအရေးမှာ ရှေ့ကနေ ဦးဆောင်သွားနိုင်မှာဖြစ်ပါတယ်”
အရှေ့တောင်အာရှ ဒေသတွင်း ၁၁ နိုင်ငံနဲ့ ဖွဲ့ထားတဲ့ အာဆီယံဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရအဖွဲ့ကို ဖမ်းဆီး ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံအနှံ့ ဆန့်ကျင်အုံကြွမှုနဲ့ ဖိနှိပ်မှုတွေ ပေါ်ပေါက်လာခဲ့တဲ့ ၂၀၂၁ ကစပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေး ညီလာခံတွေကနေ ဖယ်ထုတ်ထားခဲ့ပါတယ်။
၂၀၂၅ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ မြန်မာစစ်တပ်က အပိုင်း ၃ ပိုင်းပါ ရွေးကောက်ပွဲကျင်းပခဲ့ပြီး စစ်တပ်လိုလားတဲ့ နို်ငငံရေးပါတီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့အပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က မြန်မာအရေးချဥ်းကပ်ပုံပြောင်းဖို့ လေသံထွက်လာခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အတုအယောင် တစ်ဖက်သတ်လုပ်ပွဲအဖြစ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန် ရှုံ့ချထားသလိုအာဆီယံအဖွဲ့ကြီးကလည်း ရလဒ်ကို အသိမှတ်မပြုကြောင်း ကြေညာထားပါတယ်။
စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ၂၀၁၂ သမ္မတဦးသိန်းစိန်လက်ထက်က အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံအမတ်ကြီးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းအပြီးမှာ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စစ်ခေါင်းဆောင်က တာဝန်ပေးထားသူဖြစ်ပါတယ်။
