“အဲနေ့က ဖြစ်စဉ်ကတော့ နည်းနည်းလူများတော့ ဆေးဝါးမလောက်တာတွေဖြစ်တယ်။ ဆေးက လည်းလိုသလောက်မရဘူး။ သူတို့ (စစ်တပ်) ကလည်း လမ်းကြောင်းတွေပိတ်ထားတာဆိုတော့ ဒီဘက်မှာရှိတဲ့ ဆေးရုံတွေအကုန်လုံး လူခွဲပြီးတော့ကုသရတယ်ပေါ့။ တချို့ဆိုရင်ဆေးမှီတယ်။ တချို့ ကျ ဆေးမမှီဘူး။ အဲဒီလိုမျိုး အများကြီးကြုံတွေ့ရတယ်။ အခု လောလောဆယ်မှာလည်း တောက် လျှောက် ဖြတ်တောက်ရေးတိုးနေတာ။ ဆေးဝါးနဲ့ပတ်သက်ပြီး လိုချင်တိုင်းဝယ်လို့မရဘူး။ ပိုက်ဆံရှိ ရင်တောင် ဝယ်မရတဲ့အနေအထား။ အဲလိုဖြစ်နေတာ”
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုရွာက မမေဇင်ဦး ပြောပြတာပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သီတင်း ကျွတ်လပြည့်ညက သူတို့ရွာမှာဆီမီးသပိတ်လုပ်ဖို့ စုဝေးနေတဲ့အချိန်မှာ လူအုပ်ထဲကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ပါရာမော်တာစက်တပ်လေထီးပေါ်ကနေဗုံးကြဲခဲ့တာကြောင့် လူ ၂၈ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအထဲက ဆယ်ယောက်လောက်ဟာ အချိန်မှီ ဆေးမကုနိုင်တာရော၊ ဆေးမလုံလောက်တဲ့အတွက်ကြောင့်ပါ ခြေလက်အင်္ဂါတွေဖြတ်လိုက်ရပါတယ်။ အဲဒီအထဲမှာ မမေဇင်ဦး လည်း ခြေတစ်ဖက်ဆုံးရှုံးလိုက်ရပါတယ်။
ဒီလိုဖြစ်ရပ်တွေဟာ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်အပြင် အခြား တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေတွေမှာ တော်တော်ကြုံနေရတယ်လို့ ဒေသခံလူမှုကူညီ ရေးအဖွဲ့လေးတွေကပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာဆိုရင် မော်လူး၊ အင်းတော်၊ ပင်လည်ဘူး၊ ခါမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်နဲ့ ကျေးလက်ဒေသတော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားပေမဲ့ အဓိက ကျတဲ့ မြို့တွေနဲ့ လမ်းပိုင်းတွေကိုတော့ စစ်ကော်မရှင်လက်အောက်ခံတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက ထိမ်းချုပ်ထားပြီး စားနပ်ရိက္ခာနဲ့ဆေးဝါး သယ်ယူတာတွေကို ပိတ်ပင်ထားပါတယ်။
ဒါကြောင့် စစ်ကိုင်းတိုင်းက ရွှေဘို၊ ချောင်းဦး၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူနဲ့ မကွေးတိုင်းက ဆော၊ယော၊ဂန့်ဂေါ၊ ပေါက်၊ မြိုင်စတဲ့ စတဲ့မြို့နယ်အတော်များများမှာ ဆေးဝါးပစ္စည်းတွေ ရှားပါးနေပြီး အဆမတန် ဈေးကြီးပေးဝယ်ရနေတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေနဲ့ ဒေသခံတွေကပြောကြပါတယ်။
အဓိကကျတဲ့လမ်းပိုင်းတွေကို တော်လှန်ရေးတပ်တွေ မထိန်းချုပ်နိုင်သေးတာကြောင့် ဆေးဝါးသယ်ယူတဲ့အခါမှာ အချိန်ကျန့်ကြာမှုတွေရှိနေတယ်လို့ ကန့်ဘလူမြို့နယ်က စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဧရိယာအများစုက ကျွန်တော်တို့ ထိန်းချုပ်ထားတယ်။ သို့သော် အဓိကကျတဲ့နေရာတွေမှာ သူတို့က လမ်းကြောတွေပိတ်ပြီးတော့ ဖြတ်တောက်ထားတာဖြစ်တဲ့အတွက်။ အဲနေရာတွေကို ရှောင်ကွင်းရ တာတွေ။ ဒါတွေကြောင့် သယ်ယူပို့ဆောင်ရေးကြာသွားတော့ မလို လားအပ်ပဲ အသက်တွေဆုံးရှုံးတာတွေ ဒါကတော့ ကျွန်တော်တို့ မြို့နယ်မှာ အမြဲတမ်းလိုလိုတွေ့နေရပါတယ်”
တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ အညာမြေပြန့်ကရွာတွေဘက်ကို ဆေးဝါးဖြတ်တောက်ထား သလို၊ အဲဒီဒေသမှာအရပ်သားတွေအားကိုးရတဲ့ဆေးရုံနဲ့ ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေရှိနေတယ်လို့ ပြောပါတယ်။
စစ်ကိုင်းလိုပဲ ပြည်နယ်တစ်ခုလုံးနီးပါးလက်လွတ်ထားရတဲ့ ချင်းပြည်နယ်ကိုလည်း ဆေးဝါးနဲ့ စားနပ်ရိက္ခာသယ်ယူလို့မရအောင် စစ်ကိုင်းနဲ့ မကွေးဘက်ကနေ စစ်ကော်မရှင်တပ်တွေက တားဆီး ပိတ်ဆို့ထားပါတယ်။
ဒီလုပ်ရပ်က လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ချင်းလူ့အခွင့် အရေး အဖွဲ့(CHRO)ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က RFA ကို ပြောပါတယ်။
“တိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ၂၀၂၅ ခုနှစ်မှာ ၆၃ ယောက်ရှိတယ်။ အဲဒီ ၆၃ ယောက်ထဲမှာ လေကြောင်းတိုက်ခိုက်လို့ သေတဲ့အရေတွက်က ၄၀ ရှိတယ်။ အဲဒီ လေးဆယ်ထဲမှာ အချိန်မှီ ဆေးမကု သနိုင်လို့ သေဆုံးတဲ့ အရေတွက်က ၂၃ ယောက် ရှိတယ်။ ဒီဟာက လူသားမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ သတ်မှတ်တယ်”
ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် သုံးသိန်းလောက်ရှိနေပြီး၊ ရေတို ရေရှည်ရောဂါတွေအတွက် ဆေးဝါးတွေရဖို့ တော်တော်ခက်နေတယ်လို့ ပြောပါတယ်။
ချင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်ကိုလည်း ပြည်မကနေဘာမှပို့လို့မရအောင် စစ်ကော်မရှင်က ဖြတ်တောက်ထားပါတယ်။
ဒါကြောင့် ရခိုင်လူထုဟာ ဆေးဝါးပြတ်လပ်မှုရဲ့ အကျိုးဆက်ကိုခံနေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“အဓိက ကျွန်တော်တို့ ပြဿနာက ထိခိုက်ဒဏ်ရာရပြီဆိုတာနဲ့ နံပါတ် (၁) ဆေးရုံ၊ ဆေးခန်းတွေက လုံးဝမလည်ပတ်နိုင်ဘူး။ ဆရာဝန်ရယ် သူနာပြုရယ် လိုအပ်ချက်တော်တော်ကြီးကြီးမားမား ရှိ တယ်။ တပြိုင်တည်းမှာပဲ ကုန်းလမ်း၊ ရေလမ်းတွေ အကုန်လုံး ပိတ်ထားတဲ့အတွက် ဆေးဝါး ရရှိမှုမှာ တော်တော်ကို ခက်ခက်ခဲခဲ ကျွန်တော်တို့ ဖြတ်ကျော်ခဲ့ရတယ်။ အဲဒီထဲမှာ ဘာပြဿနာ ရှိလည်း ဆိုရင် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေပေါ့။ လေကြောင်း တိုက်ခိုက်လို့ ဖြစ်ဖြစ် တော၊ တောင်တွေပေါ် တက်ပြီးတော့ ဟင်းရှာ ငါးရှာ သွားပြီးတော့ မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာ ရတဲ့ သူတွေရော စစ်ပွဲကြား မှာ ညပ်ပြီး ပါသွားတဲ့ ပြည်သူတွေက ဆေးဝါးရရှိမှု အတော်ခက်ခဲတယ်။ ဆေးဝါး မလုံလောက်တဲ့ အတွက် မလိုအပ်ပဲ ခြေတွေ လက်တွေ ဖြတ်လိုက်ရတာ ရှိတယ်။ အသက် ဆုံးရှုံးခဲ့ရတာလည်းရှိ တယ်။ ဒါကတော့ ဒီနေ့အချိန်ထိလည်း ဒီဟာရဲ့ ဒဏ်ကို ခံနေရတုန်း ဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ဒီနေ့အထိ ရခိုင်ပြည်နယ်အတွင်းက ဆေးရုံ ၁၅ ရုံထက်မနည်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ဆေးရုံတချို့ကတော့ လုံးဝသုံးလို့ မရအောင်ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။
ကချင်၊ ရှမ်းမြောက်နဲ့ ကရင်နီ၊ ကရင်ဘက်တွေကိုလည်း စစ်ကော်မရှင်က ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဒေသတွေဟာ တရုတ်နဲ့ ထိုင်းကိုထိစပ်နေတဲ့အတွက် နယ်စပ်တွေကနေတဆင့် ဆေးဝါးနဲ့ ရိက္ခာတချို့ရနေတာကြောင့် အနောက်ဖက်နဲ့ ကုန်းတွင်းပိတ်အညာဒေသမှာလို ဆေးဝါးပြတ်တောက်တဲ့ အခြေအနေမျိုးတော့ မရှိသေးဘူးလို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြား ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူ သုံးသန်းကျော် ရှိနေပြီး အခြေခံစားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက် မြင့်မားနေပေမဲ့ စစ်ကော်ရှင်ရဲ့ပိတ်ဆို့ဖြတ်တောက်မှုကြောင့် ဒုက္ခသည်တွေအတွက် စားသောက်ကုန်နဲ့ ဆေးဝါးရရှိရေးဟာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေပါတယ်။
ဒေသခံအဖွဲ့တွေနဲ့ သတင်းဌာနတချို့ရဲ့ဖော်ပြချက်တွေကိုကိုးကားပြီး RFA ကပြုစုထားတဲ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ကစပြီး လက်ရှိအချိန်အထိ စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်ခံရပြီးနောက် ဆေးဝါးပစ္စည်းမလောက်လို့ အသက်ဆုံးရှုံးတဲ့သူ အယောက် ၄၀ ကျော်ရှိနေပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူ ငါးဆယ်လောက်ရှိပါတယ်။
