စစ်ကော်မရှင်နဲ့ပူးပေါင်းသွားတဲ့ ပုလဲနယ်က ဗိုလ်နဂါး

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ခေါင်းဆောင် ဗိုလ်နဂါးတို့ကြား ပဋိပက္ခဟာ စစ်ကော်မရှင်ဆီ ဗိုလ်နဂါးလက်နက်ချပူးပေါင်းမှုနဲ့ အဆုံးသတ်သွားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲကလူသိများတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးဟာ ဖေဖော်ဝါရီလ ၁၈ ရက်ညနေပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ပူးပေါင်းသွားခဲ့ပါတယ်။

ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်တချို့ဟာ လူသတ်မှု၊ သက်ငယ်မုဒိန်းမှု၊ ညှင်းပန်းနှိပ်စက်မှုအပါအဝင် အမှု ခုနစ်မှု ကျူးလွန်ထားတယ်လို့တိုင်ကြားစာရထားရတဲ့အတွက် သူတို့အဖွဲ့ကိုအရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး ဝိုင်းပိတ်ဆို့ထားတဲ့ အချိန်မှာ အခုလိုဖြစ်သွားတာလို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ BNRA က ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်တချို့ ကျူးလွန်ထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တိုင်ကြားထားတာ တွေရှိတယ်။ အဲ့ကိစ္စတွေနဲပတ်သက်ပြီးတော့ ကျွန်တော်တို့ ဗိုလ်နဂါးကို ဖမ်းဆီးနိုင်ဖို့ဆောင်ရွက်နေစဉ်မှာပဲ စစ်အုပ်စုဘက်ကနေပြီးတော့ ချိတ်ဆက်ပြီးတော့ ရဟတ်ယာဉ်နဲ့ခေါ်သွားတယ်ဆိုတဲ့ သတင်းကျွန်တော်တို့ ရပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းမှာပဲ စစ်အုပ်စုဘက်က သတင်းထုတ်ပြန်လာတာ တွေ့ရတယ်။ အဲ့ဒီတော့ သေချာသွားပြီပေါ့။”

ဗိုလ်နဂါးနဲ့အဖွဲ့ကို ဖမ်းဖို့ကြိုးစားတဲ့ ဖေဖော်ဝါရီလ ၁၇ ရက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သလို NUG တပ်တွေရှိတဲ့ ပုပ္ပါရွာနဲ့ ဇီးတောရွာကြားကို စစ်ကော်မရှင်တပ်က ဂျိုင်ရိုကော်ပတာနဲ့လာပြီး နှစ်ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဒီလိုဗုံးကြဲဖို့ ဗိုလ်နဂါးက စစ်ကော်မရှင်တပ်ကို သတင်းပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲတာတွေရှိခဲ့သလို၊ ဒီစွပ်စွဲချက်တွေ မမှန်ဘူးလို့ ဗိုလ်နဂါးကိုယ်တိုင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ငြင်းဆိုခဲ့ပါသေးတယ်။

ဗိုလ်နဂါးအဖွဲ့ရဲ့ နောက်ကြောင်းကိုပြန်ကြည့်တဲ့အခါ အခုလိုတွေ့ရပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ ဗိုလ်နဂါးဟာ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ခြောက်လအကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ဆိုပြီး အမည်ပြောင်းလိုက်ပါတယ်။ အဲဒီနောက် သူတို့ရဲ့လက်အောက်ခံ တပ်ရင်းလေးခုကို NUG ရဲ့ လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ရင်း တွေအဖြစ်ထားပြီး NUG ရဲ့ လက်နက်နဲ့ ရိက္ခာထောက်ပံ့မှုရယူခဲ့ပါ တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ရတဲ့ အထောက်အပံ့မလုံလောက်လို့ဆိုပြီး ဗိုလ်နဂါးနဲ့ NUG တို့အငြင်းပွားမှုစတင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတပ်ရင်း တွေက ဗိုလ်နဂါးလက်အောက်ကနေအပြီးအပိုင်နုတ်ထွက်ပြီး NUG လက်အောက်ခံတပ်ရင်းတွေအနေနဲ့ ဆက်ပြီးရပ်တည်သွားပါတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်း ၂၀၂၃ ခုနှစ် စက်တင်ဘာမှာတော့ ဗိုလ်နဂါးဟာ ပုလဲဒေသမှာ NUG လက်အောက်ခံ မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့ငယ်တွေကိုစုစည်းပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA) ကို ဖွဲ့စည်းခဲ့ပါတယ်။ BNRA ကိုဖွဲ့စည်းတာဟာ NUG နဲ့ ဆွေးနွေးပြီးဖွဲ့စည်းတာလို့ ဗိုလ်နဂါးက ပြောခဲ့ပေမဲ့ NUG ကတော့ငြင်းခဲ့ပါတယ်။

အဲ့ဒီနောက် NUG လက်အောက်ခံတပ်တွေနဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်တွေကြား ဒေသတွင်း အကောက် အခွန်ကိစ္စတွေနဲ့ပတ်သက်လို့ မကြာခဏအငြင်းပွား ခိုက်ရန်ဖြစ်တာတွေရှိခဲ့ပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြားမှာ ပဋိပက္ခပိုပြင်းလာပါတယ်။ မရှေးမနှောင်းမှာပဲ ယင်းမာပင်ခရိုင်ထဲက BNRA တပ်တွေရဲ့ အကောက်ခွန်ဂိတ်တွေကို တရားမဝင်ဂိတ်တွေအဖြစ် NUG က သတ်မှတ်ပြီးနောက် ရှင်းလင်းဖယ်ရှားဖို့ လက်အောက်ခံတပ်တွေဆီ လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်။

၂၀၂၆ ဇန်နဝါရီလ ၉ ရက်မှာတော့ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးအဖွဲ့ရဲ့ အခွန်ကောက်ဂိတ်နှစ်ခုကို NUG တပ်တွေ ကဝင်ရောက်စီးနင်းခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ BNRA တပ်တွေကလည်း NUG ရဲ့ ပုလဲမြို့နယ် ပန်းရွာက အကောက်အခွန်ဂိတ်ကို ဇန်နဝါရီ ၁၇ ရက်မှာ ပစ်ခတ်စီးနင်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နှစ်ဖက်ပဋိပက္ခဟာ ဖေဖော်ဝါရီလထဲမှာအမြင့်ဆုံးကိုရောက်ရှိခဲ့ပြီး နောက်ဆုံးမှာတော့ ဗိုလ်နဂါးနဲ့ မိသားစုတွေ စစ်ကော်မရှင်တပ်ဆီ ခိုလှုံသွားတဲ့အထိဖြစ်ခဲ့ပါတယ်။

ဒီခြေအနေမှာ ဗိုလ်နဂါးဆီက သတင်းအချက်အလက်တွေကို စစ်ကော်မရှင်က အသုံးချပြီး ဒေသခံအဖွဲ့တွေကို ထိုးစစ်ဆင်နိုင်တယ်လို့ နိုင်ငံရေးနဲ့စစ်ရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“ ဒီဘက်နယ်မြေတွေထဲမှာ ရှိနေတဲ့ အဖွဲ့တွေအတွက် လုံခြုံရေးအရသော်လည်းကောင်း၊ တခြားစစ်ရေးအရ သူဘာတွေသိထားလဲ၊ သိထားပြီးသားဟာတွေအတွက် ပြုပြင်ပြောင်းလဲဖို့တွေ ပြန်ပြီးတော့ ကြိုးစား ရုန်းကန် ရမဲ့ အခြေအနေမျိုးတွေဖြစ်လာနိုင်တယ်။ ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်။ အဲ့ဒီအတွက်ကြောင့် အညာဒေသ မှာ စုစည်းထားပြီးတော့ ရှိနေတဲ့အနေအထားကို စစ်တပ်ကနေပြီးတော့ တန်ပြန်ထိုးနှက်လာနိုင်တဲ့ အနေ အထားမျိုးတော့ဖြစ်နိုင်တယ်”

NUG ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီး ဦးကျော်နီကတော့ ဗိုလ်နဂါး စစ်တပ်နဲ့ပူးပေါင်းသွားတာဟာ တော်လှန်ရေးကို ထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။

တစ်ဖက်မှာလည်း မြေပြင်မှာကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေလက်နက်ချပူးပေါင်းလာဖို့ NUG ကစည်းရုံးနေ ပါတယ်။

NUG ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ BNRA တပ်ဖွဲ့ဝင်တချို့ကို ဖမ်းထားသလို နောက်ထပ် တပ်ဖွဲ့ဝင် ၁၅၀ လောက်ကလည်း PDF နဲ့ ပကဖအဖွဲ့တွေဆီ ဆက်သွယ်ပြီး လက်နက်ချကြတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒေသတွင်းလုံခြုံရေး အန္တရာယ်ရှိနေတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ ကျွန်တော်တို့မြေပြင်မှာ BNRA အဖွဲ့အစည်းရဲ့ လူတွေတော်တော်များများ မြေပြင်မှာ ကျန်ပါသေးတယ်။ သူ(ဗိုလ်နဂါး)ကိုယ်တိုင် ဒီလိုလုပ်သွားလို့ သူ့ရဲဘော်တွေကိုယ်တိုင်က စိတ်ပြောင်းလာပြီးတော့ ကျွန်တော်တို့နဲ့ လက်တွဲခဲ့ရင်တော့ ကောင်းတာပေါ့ဗျာ။ တကယ်လို့ တစ်ဖက်တစ်လမ်းနဲ့ သူထိန်းချုပ်နိုင်သေးတယ်ဆိုရင် ကျွန်တော်တို့အတွက်လည်း အန္တရာယ်ရှိနိုင်တာပေါ့။ မြေပြင်မှာတော့ အတော်လေးခက်ခဲမှုနဲ့ ကျွန်တော်တို့ ဖြတ်သန်းနေရတယ် ”

လက်နက်ကိုင်ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ ISP -Myanmar ကတော့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဟာ စစ်အင်အား ၃၀၀၀ ဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ BNRA ဟာ ပုလဲ၊ ရွှေဘို၊ ဒီပဲယင်း၊ အရာတော်နဲ့ ခင်ဦးမြို့နယ်အတွင်း လှုပ်ရှားတယ်လို့ ISP -Myanmar ကဆိုပါတယ်။