တရုတ်ကသေဒဏ်ပေးကွပ်မျက်ခဲ့တဲ့ မြန်မာနိုင်ငံသားများ

မာဖီးယားဆန်ဆန် မိသားစုဂိုဏ်းတွေကို အစုလိုက် တရုတ်က သေဒဏ်ပေး ကွပ်မျက်ခဲ့သူအ များစုဟာ မြန်မာနိင်ငံသားတွေဖြစ်ပြီး မြန်မာစစ်တပ်၊ ၂၀၁၀ အာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နီးကပ်ပတ်သက်ခဲ့တဲ့သူတွေပါဝင်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။

ကြုံတောင့်ကြုံခဲ့

အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ခဲ့ကြတဲ့ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအခြေစိုက် မာဖီးယန်းဆန်ဆန် မိသားစုကြီး လေးစုက အကြီးအကဲတွေနဲ့အပေါင်းအပါတွေကို တရုတ်အဆင့်မြင့်တရားရုံးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလဆန်းတွင်းမှာ အစုလိုက် သေဒဏ်ပေး စီရင်ခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာနတွေကို ကြေညာပါတယ်။

မြန်မာနိုင်ငံသားအများစု

အင်တာနက် အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဒီမိသားစုတွေက ဦးစီးလည်ပတ် လုပ်ကိုင်တာဖြစ်တဲ့အတွက် မိသားစုအသိုင်းအဝိုင်းအလိုက် အခုလို အစုလိုက် သေဒဏ်ပေး ကွပ်မျက်တာဟာ ကမ္ဘာ့တရားစီရင်ရေးစနစ်မှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကြုံတောင့်ကြုံခဲ ဖြစ်ရပ် ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီ သေဒဏ်ပေးခံရသူ မိသားစုအများစုဟာ မြန်မာနိင်ငံသားတွေ ဖြစ်နေတာ ထူးဆန်းတယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေက ရေးသားပါတယ်။

မိသားစုဂိုဏ်းကြီး ၄ ဂိုဏ်း

တရုတ်အစိုးရမီဒီယာက ကြေညာထားတဲ့ ဒီမိသားစုဂိုဏ်းကြီး ၄ ဂိုဏ်း ကတော့ မြီ(Ming) မိသားစု၊ ပယ် (Bai) မိသားစု၊ ဝေ (Wei) မိသားစုနဲ့ လျို (Liu) မိသားစု တို့ဖြစ်ပါတယ်။ ဒီမိသားစုတွေဟာ တရုတ်မြန်မာနယ်စပ် ကိုးကန့်နယ်အထူးဒေသ လောက်ကိုင်နဲ့ ကုန်းကြမ်းနယ်တွေမှာ ၂၀၀၉ ခုနှစ်ကစပြီး မိသားစုလိုက် လောင်းကစားရုံတွေ၊ ငွေလိမ်လုပ်ငန်းတွေ ထူထောင်ပြီး ဒုစရိုက်လုပ်ငန်းတွေကို ကိုယ်ပိုင်တွေတပ်တွေနဲ့ လောင်းကစား၊ ငွေလိမ်၊ မူးယစ်၊ ပြည့်တန်ဆာစတဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စွဲချက်

တရုတ်နိုင်ငံသားတွေကို လှည့်ဖျားလိမ်ခေါ်၊ ပြန်ပေးဆွဲ ငွေညှစ်၊ ငွေလိမ်လည်တဲ့ လုပ်ငန်းတွေမှာ ကျွန်သဖွယ် ဖမ်းဆီးချုပ်နှာင်၊ ရိုက်နှက်ပြီး ခိုင်းစေခဲ့မှု၊ တရုတ်နိုင်ငံသားတွေကို လိမ်လည်မှု၊ ထိခိုက်ဒဏ်ရာရအောင် ရိုက်နှက်မှု၊ သတ်ဖြတ်မှု၊ အတင်းအကြပ် ပြည့်တန်ဆာလုပ်ငန်းတွေထဲ သွတ်သွင်းခိုင်းစေမှု စတဲ့ အမေရိကန် မာဖီးယားနဲ့ ဂျပန်ယာကူဇာ မိသားစု ဂိုဏ်းတွေလုပ် လုပ်ဆောင်ခဲ့ကြသူ တွေလို့ စွပ်စွဲပြီး ဖမ်းဆီးဖို့ အလိုရှိကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်ထားခံရသူတွေ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကဖမ်းပြီး တရုတ်ကို လွှဲပေး

မြီမိသားစုနဲ့ ဂိုဏ်းအဖွဲ့ဝင်တွေကို မြန်မာစစ်အာဏာပိုင်တွေက ဖမ်းဆီးပြီး ၂၀၂၃ နိုဝင်ဘာမှာ တရုတ်အစိုးရ အာဏာပိုင်တွေ လက်ထဲကို လွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၂၄ ဇန်နဝါရီလ ဒုတိယအသုတ်မှာတော့ ကျန် ဒုစရိုက်ဂိုဏ်း မိသားစုတွေက ရွှီမိသားစုက ရွှီ​လောက်ဖာ (Xu Lao Fa) ခေါ် ဦးစံငြိမ်းအောင်၊ လျိုသားစုက လျိုကျိန့် မောက် (Liu Zhengmao) ခေါ် ဦးလျိုဖူလုံး၊ လျိုကျိန့်ချန် (Liu Zhengxiang) ခေါ် ဦးလျှိုအားပေါက် နဲ့ ဝေမိသားစုက ကိုးကန့် ပြည်သူ့စစ် တပ်ရင်း ၁၀၀၆ အကြီးအကဲ ဝေဝှိုင်ရန် (Wei Huairen) ခေါ် ဝေစန်းတို့ကို မြန်မာစစ်တပ်က တရုတ်အစိုးရလက်ထဲကို လွှဲပြောင်းပေးခဲ့ ပါတယ်။

ကွပ်မျက်ခံရသူတွေကဘယ်သူတွေလဲ

မြီမိသားစု

ဇန်နဝါရီ ၂၉ ရက်နေ့က မြီမိသားစုအကြီးအကဲ ဦးမြီရှောက်ချန်း(Ming Xuechang)ရဲ့ သားဖြစ်သူ ကိုးကန့် ပြည်သူ့စစ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဟောင်း မြီကော်ဖျင်း (Ming Guoping)နဲ့ မြေးမဖြစ်သူ မြီကျိန်းကျိန်း (Ming Zhenzhen) ခေါ် မသီရိမောင်အပါအဝင် ၁၁ ဦးကို တရုတ်ဗဟိုအစိုးရ ဝမ်ကျိုးမြို့ (Wenzhou) ခရိုင်တရားရုံးက သေဒဏ်ပေး ကွပ်မျက်ခဲ့ပါတယ်။

ဦးမြီရှောက်ချန်းဟာ ၂၀၁၀ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော်ကိုယ်စား လှယ်‌ဟောင်း ဖြစ်ပြီး မြန်မာစစ်တပ်နဲ့တရုတ်လုံခြုံရေးတပ်တွေက ဝိုင်းဝန်း ဖမ်းဆီးစဥ် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ပြီး အဆုံး စီရင်သွားခဲ့လို့ တရုတ်အစိုးရလက်ထဲပါမသွားခဲ့သူဖြစ်ပါတယ်။ အခု ကွပ်မျက်ခံရတဲ့ သား မြီကော်ဖျင်းဟာ မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ် ပြည်သူ့စစ် ခေါင်းဆောင် ဟောင်းဖြစ်ပါတယ်။

ဒီ ၁၁ ယောက်ရဲ့ နာမည်အပြည့်အစုံကို တရုတ်အစိုးရ မကြေညာပေမယ့် ဝေကော်ချန်း (Zhou Weichang)၊ ဝူဟုန်မင် (Wu Hongming)၊ လော်ကျန်းကျမ်း (Luao Jianzhang) တို့လည်း အဓိက မြီဂိုဏ်းဝင်တွေအဖြစ် ဖော်ပြထားပါတယ်။ မြီဂိုဏ်းက ရန်ကျိန့်ရှီ (Yang Zhengxi)၊ ဖုချိန်ဇစ် (Fu Chengzhi) အပါအဝင် ၅ ဦးကို ဆိုင်းငံ့ ၂ နှစ် သေဒဏ် ချမှတ်လိုက်ပြီး လော်ကျန်းကျမ်း (Luo Jianzhang) ၊ ချိုးဇစ် (Qiu Zhi) အပါအဝင် ၁၁ ဦးကို ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။

ပယ်မိသားစု

ဖေဖော်ဝါရီလ ၂ ရက်နေ့က သေဒဏ်ပေးကွပ်မျက်ခံရသူ ၁၆ ဦးထဲမှာ အဓိက ခေါင်းဆောင် ၄ ဦးပါဝင်ပြီး ကိုးကန့် ပယ်မိသားစုက မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးပယ်ဆောက်ချိန် (Bai Suocheng)ရဲ့ သား ပယ်ရင်ဆန်း (Bai Yingcang) ခေါ် ဦးခင်မောင်ဝင်းနဲ့ တခြား ၃ ဦး ပါဝင်ပါတယ်။ ဦးပယ်ဆောက်ချိန်ကတော့ တရားရုံးက ၂၀၂၅ နိုဝင်ဘာ ၄ ရက်နေ့ သေဒဏ်ချမှတ်အပြီး နောက်ရက် နိုဝင်ဘာ ၅ ရက်မှာ ကျန်းမာရေးဖောက်လာလို့ ဆေးရုံတက်ရပြီး တစ်ပတ်အကြာ ၂၀၂၅ နိုဝင်ဘာ ၁၁ ရက်မှာ သေဒဏ် မစီရင်ခင်မှာပဲ ဆေးရုံပေါ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဦးပယ်ဆောက်ချိန်ဟာ ၁၉၉၂ မှာ ဦးဖုန်ကျားရှင်နဲ့အတူ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသားများဒီမိုကရက်တစ် တပ်ပေါင်းစု (MNDAA) ရဲ့ ဒုစစ်ဦးချုပ်ဖြစ်ခဲ့ပြီး လောက်ကိုင်ကိုယ်ပိုင်ဒေသ အကြီးအကဲ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ ကနေ ရွေးကောက်တင် မြှောက်ခံရပြီး ၂၀၁၁ ကနေ ၂၀၁၆ အထိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူဖြစ်ပါတယ်။ သူ့ သားဖြစ်သူ မြန်မာနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ပြည်သူ့စစ်တပ်ဖွဲ့ တပ်ဖွဲ့မှူး၊ စီးပွားရေးစီမံအုပ် ချုပ်ရေးဌာန ဒုဌာနမှူးတာဝန်ယူခဲ့သူပါ။

သူတို့ဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့အပြင် လူသတ်မှု၊ ထိခိုက်ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ အကြပ်ကိုင်ငွ ခြိမ်း‌ခြောက်ငွေတောင်းခံမှု၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တယ်လို့ တရုတ်အစိုးရစွဲချက်မှာ ပါရှိပါတယ်။ ဒီလုပ်ငန်းတွေရဲ့ ဝင်ငွေဟာ အမေရိကန် ဒေါ်လာ သန်း ၄ ထောင်ကျော်ရှိခဲ့ပြီး၊ တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရသလို တခြား အများအပြားကို ထိခိုက်ဒဏ်ရာရ စေခဲ့တယ်လို့ တရုတ်ဗဟိုအစိုးရ ရှိန်းကျိန့်မြို့ (Shenzhen) ခရိုင်တရားရုံးက အမိန့်မှာပါရှိပါတယ်။

အမှုရင်ဆိုင်ဆဲ မိသားစု ၂ စု

ဝေမိသားစုအမှုမှာ ခေါင်းဆောင် ကိုးကန့်နယ်ခြားစောင့်တပ် ၁၀၀၆ တပ်ရင်းဥက္ကဋ္ဌဖြစ်ခဲ့ဗိုလ်မှူးကြီး ဝေဟွိုင်ရန် (Wei Huairen) ခေါ် ဝေစန်း၊ ဝေချင်းဟော်(Wei Qingtao)၊ ဝေရောင်း(Wei Rong)၊ ဝေချင်းဆုန်(Wei Qingsong) တို့ဟာ တရုတ်နိုင်ငံသား ၈ ဦးသေဆုံးမှုအပါအဝင် တရုတ်ငွေ ယွမ် သန်း ၅ ထောင်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်လုပ်ကိုမှု၊ ယွမ်ငွေ သန်း ၉ ထောင်ကျော် တရားမဝင်လောင်းကစားလုပ်ကိုင်မှု မှုနဲ့ တရုတ်ငွေ ၁၉ သန်းကျော်ဝင်ငွေရှိခဲ့တဲ့ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်မှုတွေနဲ့ အမှုရင်ဆိုင်ရေဆဲလို့ ၂၀၂၅ အောက်တိုဘာ ၁၅ ရက်က တရုတ်ပြည်သူ့နေစဥ် သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရ မီဒီယာ CCTV က ဖော်ပြချက်အရ ဝေမိသားစုအနေနဲ့ ကိုးကန့်ဒေသမှာ ကိုယ်ပိုင် ရာဇဝတ်ဂိုဏ်း ထူထောင်နိုင်ဖို့အတွက် မြန်မာစစ်တပ်ရဲ့ ပံ့ပိုး ကူညီမှုကို အသုံးချခဲ့တယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဝေဆန်းက တရုတ်အာဏာပိုင်တွေကို ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။ ဝေစန်းဦးဆောင်တဲ့ ဝေမိသားစုအနေနဲ့ ကိုးကန့်ဒေသမှာ အာဏာရလာခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက မြန်မာစစ်တပ်က ကိုးကန့်ဒေသထိန်းချုပ်ရေး ခေါင်းစဉ်အောက်မှာ လက်နက်အား၊ ငွေအား ထောက်ပံ့ပေးခဲ့တဲ့ နယ်ခြားစော င့်တပ်တွေကို အသုံးပြုပြီး ဒီတရားမဝင် လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

လျိုမိသားစုအမှုမှာ ခေါင်း‌ဆောင် လျိုကျိန့်ချန်(Liu Zhengxiang)၊ လျိုကျိန်မောက် (Liu Zhengmao) လျိုကျိန်ချိ(Liu Zhengqi) လျိုဂျီကွမ်း(Liu Jiguang) တို့ ပါဝင်ပြီး ၂၀၁၈ ကစပြီး တရုတ်ငွေ သန်း ၂ ထောင့် ၆ ရာရရှိခဲ့တဲ့ ငွေကြေးလိမ်လည်မှု၊ ငွေညှစ်တောင်းဆိုမှု၊ တရားမဝင် ဖမ်းဆီးမှု၊ မူးယစ်ရောင်းဝယ်မှု စတဲ့အမှု၊ တရုတ်ငွေ သန်း ၈ ထောင်ဝင်ငွေရှိခဲ့တဲ့ လောင်းကစားလုပ်ငန်းတွေ၊ တရုတ်ငွေ ၁၇ သန်းရခဲ့တဲ့ အွန်လိုင်းအဖော် အချွတ်လုပ်ငန်းတွေ၊ ယွမ်ငွေ ၁၆ သန်းရခဲ့တဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ တရုတ် တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

တရုတ်ကဘာ့ကြောင့် ဖမ်းဆီးသေဒဏ်ပေးသလဲ

ဒီမိသားစု ၄ စုက ကျူးလွန်ခဲ့တဲ့ ကျားဖြန့်လုပ်ငန်းအပါအဝင် ဒုစရိုက်မှုတွေအားလုံးဟာ တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပ မြန်မာနိုင်ငံပိုင်နက် ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့တာပါ။

ဒါပေမယ့် တရုတ်အစိုးရဟာ တခြား အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကောင်းတဲ့ အစိုးရတွေ နည်းတူ သူ့နိုင်ငံသားတွေကို အထူးအလေးထား ဂရုစိုက်အလေးထားစောင့်ရှောက်တဲ့ နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးတဲ့ ရာဇဝတ်မှုတွေကို မရရအောင်ရှာဖွေ ဖမ်းဆီးအရေးယူတတ်ပါတယ်။

ဒါ့‌ကြောင့် မြန်မာနိုင်ငံနယ်နိမိတ်ထဲကို မြန်မာစစ်ကော်မရှင်ရဲ့ ပူးပေါင်းမှုနဲ့ ဝင်ရောက်ဖမ်းဆီးလွှဲပြောင်းပြီး တရားစွဲဆို အမိန့်ချပြီး သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။