အိန္ဒိယနိုင်ငံ အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIA က တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ထိုင်း မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေအတွက် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုကူးမှု လုပ်ငန်းတွေလုပ်ကိုင်မှုနဲ့ လူ ၃ ဦးကို အမှုဖွင့်အရေးယူလိုက်တယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ဖေဖော်ဝါရီလ ၁၈ နေ့က ပြောကြားပါတယ်။
အန်ကစ် ကူမား (Ankit Kumar)၊ အလီ (Ali) နဲ့ တရုတ်အမျိုးသမီး လီဆာ (Lisa) အမည်ပါ ၃ ဦးကို လူဝင်မှုကြီးကြပ်ရေး ပုဒ်မ ၂၄ နဲ့ တရားစွဲဆိုလိုက်ပြီး နယူးဒေလီမြို့တော်အနီး ဟာရိယာနားပြည်နယ်မှာ ဒေသခံ လူငယ်တွေကို ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ကောင်းရမယ်လို့ ဖြားယောင်းဆွဲဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအိန္ဒိယနိုင်ငံသား လူငယ်တွေကို မြန်မာထိုင်းနယ်စပ် မြဝတီအခြေစိုက် ကျားဖြန့်ငွေလိမ် လုပ်ငန်း တွေမှာ အတင်းအကြပ်ခိုင်းစေပြီး အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လူမှုကွန်ယက်ကနေ လိမ်လည်တဲ့အလုပ် လုပ်စေတာလို့ ဆိုပါတယ်။ ဒီအလုပ်လုပ်ဖို့ ငြင်းဆိိုခဲ့ရင် တိုက်ပိတ်အကျဥ်းချတာ၊ ရိုက်နှက်နှိပ်စက်တာ၊ ဒီလုပ်ငန်းကနေ ပြန်လွှတ်ပေးဖို့ အိမ်ကို ဆက်သွယ်ပြီး ပြန်ပေးငွေတောင်းတာ စတာတွေ ကြုံကြရတယ်လို့ အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အဖွဲ့ရဲ့ အမှု တွဲမှာ ဖော်ပြထားပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုကနေ တရားမဝင် အလုပ်ခေါ်တဲ့ လူရှာပေးတဲ့သူတွေ တစ်သီတစ်တန်းကြီး ဖော်ထုတ်နိုင်ခဲ့ပြီး ဒီလုပ်ရပ်တွေကြောင့် အရှေ့တောင်အာရှဒေသမှာ တရားမဝင် နိုင်ငံဖြတ်ကျော် မှုခင်းတွေ၊ အလုပ်သမားဖိနှိပ်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ငွေကြေးလိမ်လည်မှုတွေကြောင့် ကြီးမားတွေ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့သလို လူ့အသက်တွေကိုလည်း အန္တရာယ်ဖြစ်စေခဲ့ပါတယ်။
အိန္ဒိယထောက်လှမ်းရေးအဖွဲ့အနေနဲ့ ဒီလိုရာဇဝတ်မှုမျိုး ကျူးလွန်သူတွေကို ဆက်လက်ဖော် ထုတ်သွားမှာ ဖြစ်ပြီး တရားမဝင် အလုပ်သမားကွန်ယက်တွေကိုလည်း ဖျက်ဆီးသွားဖြစ်သလို အများပြည်သူတွေအနေနဲ့လည်း အလုပ်အကိုင်အတုတွေနဲ့ ပြည်ပက ခေါ်တာတွေကိုလည်း အထူးသတိထားဖို့လိုပါတယ်လို့လည်း ဖော်ပြထားပါတယ်။
