မြန်မာနဲ့ကမ္ဘောဒီးယားနယ်စပ်တွေမှာ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကို အားကောင်းဖို့နဲ့ နယ်စပ်ဖြတ် ကျော် ရာဇဝတ်မှုတွေကို ကန့်သတ်နိုင်ဖို့အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်တာတွေကို ထိန်းချုပ်ဇုံ သတ်မှတ်ပြီး စိစစ်ကန့်သတ်ရေးအဆိုမူကြမ်းကို ထိုင်းအစိုးရဝန်ကြီးအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်နေ့က အတည်ပြု လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်အရ ထိုင်း ကာကွယ်ရေးဌာနက ကုန်ပစ္စည်း ထိန်းချုပ်ဇုံတွေ သတ်မှတ်အရေးယူတဲ့ ၁၉၈၁ အစိုးရ အမိန့်ကို အသုံးပြုပြီး နိုင်ငံလုံခြုံရေးနဲ့ အများပြည်သူဘဝ တည်ငြိမ်အေးချမ်းရေး အတွက် နယ်စပ်ဒေသတချို့နဲ့ ရေလမ်းဝင်ပေါက်တွေကို ကုန်ပစ္စည်းထိန်းချုပ်နယ်တွေ သတ်မှတ် ကုန်ပစ္စည်းအဝင်အထွက်တွေကို စိစစ်တာဖြစ်ပါတယ်။
ဒီမူဝါဒအရ ကုန်ပစ္စည်းတွေ မူးယစ်ဆေးဝါလုပ်ငန်း၊ အွန်လိုင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ တခြား မသမာတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ မဖြစ်ပွားစေရေး ရည်ရွယ်တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
ဒီဆုံးဖြတ်ချက်အရ မြန်မာနယ်စပ်က မောင်း (Muang) ခရိုင် ဘန်ကောင်း(Ban Kao)၊ ကချာနာဘူရီ (Kanchanaburi) ခရိုင်က ဆန်ခလ ဘူရီ (Sangkhla Buri)၊ ချင်းရိုင်ခရိုင်ထဲက မယ်ဆိုင် (Mae Sai)၊ ချင်းခေါင်း(Chiang Khong)နဲ့ ချင်းဆန်း(Chiang Saen) ၊ တပ် ((Tak) နယ် ထဲက မဲဆောက်(Mae Sot)၊ မယ်ရာမက်(Mae Ramat)၊ သာဆောင်ယန်း(Tha Song Yang)၊ အုန်းဖျန်(Umphang)၊ ဖုတ်ဖရ(Phop Phra) မြို့နယ်တွေ၊ မဲဟောင်ဆောင်(Mae Hong Son)ခရိုင်ထဲက မောင်း(Muang)၊ မယ်ဆာရင်း(Mae Sariang)၊ ခွန်းရမ်း(Khun Yuam)၊ ဆုတ်မြွိုင်(Sop Moei) မြို့နယ်တွေပါတယ်လို့ သိရပါတယ်။
