NUGထံ ဆက်သွယ်ပူးပေါင်းလာတဲ့ BNRA တပ်ဖွဲ့ဝင် ၂၀၀ နီးပါးရှိလာ

BNRA အဖွဲ့ရဲ့ တပ်မှူးတွေဖြစ်တဲ့ သုဘရာဇာနဲ့ ဒေါင်းညို တို့ကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တွေက ကောင်းမွန်စွာထိန်းသိမ်းထား။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ဖွဲ့ဝင် နှစ်ရာခန့်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကွပ်ကဲမှုအောက်က ကာကွယ်ရေးအဖွဲ့တွေထံ ဆက်သွယ်ဝင်ရောက်လာတယ်လို့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဒုဝန်ကြီးဖြစ်တဲ့ ဦးကျော်နီက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်တချို့ဟာ စစ်ကော်မရှင်ထံလက်နက်ချခဲ့အပြီး ကျန်တပ်ဖွဲ့ဝင်တွေထဲက ၂၀၀ ခန့် NUG ကာကွယ်ရေးဌာနအောက် ဝင်ရောက်လာကြတာဖြစ်ပါတယ်။

ခေါင်းဆောင်မဲ့သွားတဲ့ BNRA အဖွဲ့အတွင်း တပ်စည်းပျက်ပြီး ကျန် ရဲဘော်တချို့ NUG ကာကွယ်ရေး တပ်တွေထံကို ဆက်သွယ်ပူးပေါင်းလာတာလို့ ဦးကျော်နီကပြောပါတယ်။

“ဖမ်းဆီးမိတာတွေရော လာအဖမ်းခံတာတွေရောပေါ့၊ နောက်ထပ် လာရောက်ပူးပေါင်းသူတွေရော အားလုံးပေါင်း နှစ်ရာနီးနီးရှိပါတယ်”

ဗိုလ်နဂါးလက်နက်ချအပြီး BNRA တပ်ဖွဲ့ဝင်ဆယ်ဦးထက်မနည်းဟာ မုံရွာအခြေစိုက် အနောက် မြောက်တိုင်း စစ်ဌာနချုပ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သွားရောက်ပူးပေါင်းသွားတယ်လို့ ဒေသခံတွေရဲ့ပြော ဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြု နိုင်တာမျိုးမရှိသေးပါဘူး။

ဒါ့အပြင် ပုလဲမြို့နယ်အခြေစိုက် NUG ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အသီးသီးကလည်း BNRAတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်နဲ့အတူ လာရောက်ပူးပေါင်းကြဖို့နဲ့ လက်နက်တွေကို မသိမ်းဆည်း ထားကြဖို့ ထုတ်ပြန်ထားကြပါတယ်။

တချိန်ထဲမှာလည်း BNRA ရဲ့ တပ်ရင်းမှူး ၂ ဦးဖြစ်တဲ့ သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို NUG လက်အောက်ခံ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ခရိုင် တပ်ရင်း(၂၈) တပ်ရင်းမှူး ဗိုလ်စွမ်းက လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့ သတင်းထုတ်ပြန်ထားပါတယ်။ သူတို့ နှစ်ဦးကို NUG လက်အောက်ခံတပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာအပြီး အခုလို သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

ဗိုလ်နဂါးစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပုလဲမြို့ပေါ်ကို Mi-17 ထောက်ပို့လေယာဉ်တွေနဲ့ စစ်ကော်မရှင်တပ်သား ရှစ်ရာနီးပါးကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့နေ့လယ်ပိုင်းမှာတော့ အင်အားတစ်ရာခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ မြို့အနောက်ဘက်ခြမ်းက သေတ္တရာရွာကို ဝင်ရောက်ပြီးနောက် ဒေသခံတွေပိုင်ဆိုင်တဲ့ လယ်ယာသုံးစက်ပစ္စည်းတွေကို ယူဆောင်ကာကြောင်သန်းရွာမှာ ညအိပ်တပ်စွဲနေတယ်လို့ ပုလဲမြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကြောင်သန်းရွာက ဗိုလ်နဂါးဇာတိရွာဗျ။ သူ့အမျိုးတွေက စစ်ကြောင်းကိုထွက်ကြိုကြတယ်လို့ သတင်းရတယ်။သေတ္တရာရွာကတော့ ဆိုင်ကယ်တွေ၊ မီးစက်တွေကို မြို့ပေါ်က တပ်စခန်းတွေကို ပြန်ပို့လိုက်ကြတယ်။ ကြောင်သန်းကနေ ဘယ်ရွာကို စစ်ကြောင်းထိုးမလဲဆိုတာကတော့ စောင့်ကြည့်ရမဲ့အခြေအနေဗျ။မြိူ့ပေါ်မှလည်း အင်အားက ငါးရာကျော်ခြောက်ရာလောက် ကျန်နေသေးတယ်ဗျ”

ဒါ့အပြင် စစ်ကော်မရှင်စ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် ကြောင်သန်းရွာအနီးက ခုနစ်ရွာထက်မနည်းမှာနေထိုင်တဲ့ ဒေသခံ သုံးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သူကဆိုပါတယ်။

စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံရေးအစီအမံတွေကို အရေးပေါ်ပြင်ဆင်ထားကြဖို့နဲ့ စစ်​ကြောင်းလွတ်ကင်းရာနေရာတွေကို ကြိုတင်ရှောင်ရှားကြဖို့ ထုတ်ပြန်ချက်တွေကနေတဆင့် တိုက်တွန်းထားပါတယ်။