ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက မြစ်ကြီးနားလေဆိပ်မှာ ရန်ကုန်-မန္တလေး-မြစ်ကြီးနား ပြေးဆွဲနေတဲ့ Myanmar National Airline(MNA) ရဲ့လေယာဉ်တိုက်ခိုက်ခံရတာကြောင့် အမြီးပိုင်းထိမှန်ပြီး အရေးပေါ်ဆင်းသက်လိုက်ရတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီလေယာဉ်မှာ ခရီးသည်တစ်ရာနီးပါးလိုက်ပါသွားတာဖြစ်ပြီး လေဆိပ်ကနေ လေယာဉ်အတက်မှာ ဒရုန်းနဲ့ဗုံးသီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ထိမှန်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
လတ်တလောမှာတော့ လေယာဉ်ကို မြစ်ကြီးနားလေဆိပ်မှာပဲ ရပ်နားထားပြီး ခရီးစဉ်ရွှေ့ဆိုင်းကာ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ရဲ့တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်ထွေး ဝင်ရောက်စစ်ဆေးနေတယ်လို့ လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညနေကတည်းက ၂၉ရဲတပ်ရင်းကနေ လက်နက်ကြီးတွေပစ်နေတာ၊ လက်နက်ငယ် အသံတွေလည်း ကြားရတယ်။ ည ၈ နာရီကျော်ကျတော့ ပေါက်ကွဲသံနှစ်ချက်ကြားတယ်။ အမျိုးသားက လေယာဉ်မှာပါ သွားတော့ ပြန်ပြောပြတယ်။ လေယာဉ်က ပျံအတက်မှာ အမှီးကိုထိတော့ ချက်ချင်းပြန်ကွေ့ပြီးဆင်းတာတဲ့ လေယာဉ်ဆင်းတဲ့လမ်းကမီးတွေတောင် ပွင့်ထွက် တယ်လို့ ပြောတယ်။ ပစ္စည်းတွေလည်း ပြုတ်ကျကြတယ်။ ခရီးသည်တွေအကုန်လုံးကို အိမ်ပြန်ခိုင်းပြီး လေကြောင်းလိုင်းက ဆက်သွယ်လာပါမယ်လို့ ပြောတယ်”
ဒီတိုက်ခိုက်မှုမှာ ခရီးသည်တွေထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမဲ့ စိုးရိမ်ထိန့်လန့်မှုကြောင့် နှလုံးနဲ့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားရသူတွေရှိခဲ့ပြီး သူတို့ကို ဆေးရုံပို့ ကုသထားရတယ်လို့လည်း သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ကလည်း မြစ်ကြီးနားလေဆိပ်အနီးကို အသေခံဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခံရ တာကြောင့် လေယာဉ်ခရီးစဉ်တချို့ ခေတ္တရပ်နားလိုက်ရပြီး ၁၄ ရက်နေ့မှာ လေယာဉ်ခရီးစဉ်တွေ ပြန်လည် ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ ရွှေဘို-မြစ်ကြီးနား ဗျုဟာလမ်းမကို စစ်ကော်မရှင်တပ်က အပြည့်အ၀ ပြန်လည် ထိန်းချုပ်ပြီးနောက် ဖြတ်သန်းသွားလာကြတဲ့ ခရီးသည်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် ကချင်ပြည်နယ်အတွင်းက ဒေသခံအများစုဟာ လေကြောင်းခရီးစဉ်တွေကို အားထားအသုံးပြုနေကြရတာ ဖြစ်ပါတယ်။
