မြန်မာနိုင်ငံဘက်ခြမ်းမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းအများအပြား အခြေစိုက်တယ်လို့ နာမည်ကြီးတဲ့ ကရင်ပြည်နယ် မြဝတီနယ်စပ် ရွှေကုက္ကိုမြို့သစ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၂၀ ဟာ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကူးဝင်လာပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။
မဲဆောက်မြို့နယ်ထဲ အထုပ်အပိုးတွေနဲ့ ဖြတ်ဝင်လာစဥ် ထိုင်းစစ်တပ်က တွေ့ရှိပြီး ထိုင်းကမ်းပေါ်အရောက် ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ သူတို့အထဲမှာ ၄ ဦးသား နိုင်ငံကူးလက်မှတ်ပါကြပြီး ကျန်လူတွေမှာ ခရီးသွားလက်မှတ် တစ်စုံတစ်ရာ မပါကြဘူးလို့ ထိုင်းတပ်ပြောခွင့်ရသူက ပြောပါတယ်။ သူတို့ကို တာ့ခ်ခရိုင် လူဝန်မှုကြီးကြပ်ရေးဌာနကို လွှဲပြောင်း အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
