ကချင်နဲ့ချင်းမှာ တိုက်ပွဲဆက်လက်ပြင်းထန်

ကချင်ပြည်နယ် နေရာ ၅ နေရာမှာ တိုက်ပွဲပြင်းထန်နေသလို ချင်းပြည်နယ် ဖလမ်းမှာ စစ်ရေးတင်းမာ။

ကချင်ပြည်နယ်ထဲမှာ စစ်ကော်မရှင်တပ်က နှစ်ရက်ဆက်ဆိုက် ဗုံးကြဲတိုက်ခိုက်နေသလို ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညပိုင်းမှာ RFA ကို ပြောပါတယ်။

ကချင်ပြည်နယ်က နေရာငါးခုထက်မနည်းကို စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီ ၂၁ နဲ့ ၂၂ နှစ်ရက်ဆက် တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို ပြောပါတယ်။

“မနေ့ကတော့ တော်တော်များများနေရာမှာ ဗုံးကြဲတာရှိတယ် ငါးနေရာလောက်မှာ ဗုံးကြဲတာ။ ဒီနေ့လည်း ဆဒုံးဘက်မှာ ဗုံးကြဲတာရှိတယ်။ စစ်ရေးကတော့ တော်တော် တင်းမာတဲ့အနေအထားလို့ ပြောလို့ရပါတယ်”

ဗုံးကြဲတိုက်ခိုက်တာတွေအပြင် ဗန်းမော်မြို့မှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

ဗန်းမော်မြို့ အခြေစိုက် ခလရ - ၂၃၆ တပ်ရင်းရဲ့ ကာကင်းစခန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ အတည်မပြုနိုင်သေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ချင်းပြည်နယ်မှာလည်း ဖလမ်းမြို့နယ် ထင်းရှုးစခန်းမှာ ခြေကုပ်ယူထားတဲ့ စစ်ကော်မရှင်တပ်ကို ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့က ဖေဖော်ဝါရီလ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

“အခုတိုက်ပွဲဖြစ်တဲ့နေရာက အရင်ရောက်နှင့်ပြီးသား စစ်ကော်မရှင်တပ်ကို စစ်ကူဖို့ဆိုပြီး လွှတ်လိုက်တဲ့ တပ်ဖွဲ့တွေနဲ့ဖြစ်တာပေါ့နော်။ ထင်းရှုးစခန်းမှာ ယာယီခြေကုပ်ယူထားတဲ့နေရာကို ကျနော်တို့ ကြားဖြတ်တိုက်ပြီး သိမ်းလိုက်တာပေါ့နော်။ အဲဒီမှာ သူတို့က အင်အား ၂၀၀ လောက် ခန့်မှန်းရတယ်။ သူတို့ဘက်က အထိအခိုက်အကျအဆုံး ရှိတယ်။ လက်နက်က ၁၄ လက်လောက် သိမ်းဆည်းရမိတယ်”

စစ်ကော်မရှင်တပ်က ဖလမ်းမြို့နယ်ထဲမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး သေဆုံးထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပတဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသား အနေ့ အခမ်းအနားကို စစ်ကော်မရှင်တပ်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်ချိန် ချင်းကာကွယ်ရေး တပ်-ဟားခါး (CDF-Hakha) က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဒရုန်းတွေကို ကြိုတင်ဟန့်တားနိုင်ခဲ့လို့ အခမ်းအနားကျင်းပရာ အနီးတစ်၀ိုက်မှာ ပျက်ကျပြီး ထိခိုက်မှု မရှိခဲ့ဘူးလို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်မှာလည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညပိုင်းမှာ ခရီးသည်တင် လေယာဉ်တစ်စီး ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး KIA ကတော့ သူတို့ဘက်က တိုက်ခိုက်တာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကတော့ ကချင်ပြည်နယ် ရွှေကူမြို့နယ် ထိုင်ရာယန် ရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးပြီး နောက်ထပ် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ KIA က ထုတ်ပြန်ထားပါတယ်။