ပါလက်စတိုင်းနဲ့မြန်မာမှာ ငြိမ်းချမ်းရေးရဖို့ အင်ဒိုနီးရှားကြိုးပမ်းနေ

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခဲ့ရင် မြန်မာနိုင်ငံက ပဋိပက္ခတွေချုပ်ငြိမ်းနိုင်မှာဖြစ် ဟု အင်ဒိုဝန်ကြီးပြော။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ကမ္ဘာပေါ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ချုပ်ငြိမ်းစေဖို့ မနားတမ်းပါဝင်ဆောင်ရွက်နေပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခပြေလည်ရေးတွေမှာ တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုက ပြောလိုက်ပါတယ်။

အာဆီယံ အဖွဲ့ကြီးရဲ့ဘောင်အတွင်းကနေ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဆက်လက်တိုက်တွန်းနေပြီး ဒီအချက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ရင် မြန်မာနိုင်ငံက ပဋိပက္ခတွေချုပ်ငြိမ်းနိုင်မှာဖြစ်တယ်လို့လည်း အလေးနက်ထား ပြောပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း လူ့အခွင့်အရေး မြှင့်တင်ဖို့နဲ့ အကာအကွယ်ပေးဖို့အတွက် မူဝါဒသီးသန့်ထေား ဆောင်ရွက်နိုင်ဖို့ အာဆီယံအစိုးရအချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အာဆီယံ လူ့အခွင့်အရေးကော်မရှင် (AICHR) ပိုအားကောင်းလာဖို့လည်း အင်ဒိုနီးရှားနိုင်ငံက ဆုံးဖြတ်လုပ်ဆောင်နေကြောင်းလည်း သူကပြောပါတယ်။

ပဋိပက္ခတွေ အမှန်တကယ် ချုပ်ငြိမ်းဖို့ ယုံကြည်မှုနဲ့ အပြန်အလှန် လေးစားမှုက တစ်ဆင့်သာ လုပ်ဆောင်နိုင်ပြီး အင်အားသုံး ပြဿနာဖြေရှင်းနည်းဟာ ရေရှည်မတည်တံ့နိုင်ပါဘူးလို့လည်း သူကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ဖေဖော်ဝါရီ ၂၃ ကနေ မတ်လ ၃၁ ရကနေ့အထိ ၆၁ ကြိမ်‌မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အလှည့်ဥက္ကဋ္ဌ အဖြစ် တာဝန်စထမ်းဆောင်ရမှာဖြစ်ပြီး ဥက္ကဋ္ဌသက်တမ်းကာလမှာ အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်မှုကာကွယ်ရေး၊ ငြိမ်းချမ်းရေးမြှင့်တင်ရေး၊ ကလေးသူငယ်အခွင့်အရေး စတာတွေကို ဦးစားပေး‌ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားအစိုးရရဲ့ Antara သတင်းမှာ ဖော်ပြထားပါတယ်။